BREAKING
December 3, 2025

“ဘူအလွိုင်” မုန်တိုင်း၏ လေပွေလှိုင်းများကြောင့် တနင်္သာရီ အပါအဝင် တစ်နိုင်ငံလုံး မိုးဆက်ကြီးမည်

September 30, 2025

” ဘူအလွိုင် ” မုန်တိုင်း ၏ လေပွေလှိုင်းများ အရှိန်ကြောင့် တနင်္သာရီ အပါအဝင် တစ်နိုင်ငံလုံး အောက်တိုဘာလဆန်းအထိ ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း စစ်ကော်မရှင်၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

လာအိုနိုင်ငံကုန်းတွင်းပိုင်းဒေသများကို ဖြတ်ကျော်ခဲ့သော အပူပိုင်းမုန်တိုင်း“ဘူအလွိုင်”သည် စက်တင်ဘာလ ၂၉ ရက် ညပိုင်းတွင် အပူပိုင်းမုန်တိုင်းငယ်အဖြစ်သို့ အားလျော့သွားခဲ့ပြီး မြန်မာနိုင်ငံဒေသအချို့တွင် လေပွေလှိုင်းများအဖြစ် ဝင်ရောက်လာသည်ဟု မိုးဇလကဖော်ပြသည်။

လေပွေလှိုင်းများ လာမည့် နောက် ၁၂ နာရီအတွင်း နေပြည်တော်၊ မန္တလေး၊ မကွေး နှင့် စစ်ကိုင်း စသည့် ဒေသများ သို့ ‌ဆက်လက်ရွေ့လျားနိုင်ကြောင်း မိုးဇလကဆိုသည်။

လေပွေလှိုင်း၏အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်း တိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလက ကြိုတင်သတိပေးထားသည်။

ယင်းအပြင် ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းတွင်လည်း နောက် ၂၄ နာရီအတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်လာနိုင်သည်ဟု မိုးဇလက ယနေ့ စက်တင်ဘာလ ၃၀ ရက် ညနေပိုင်းတွင် ခန့်မှန်းထားသည်။

တနင်္သာရီ ကမ်းရိုးတန်း အပါအဝင် မြန်မာ့ကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်ကာ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအမြင့် ၁၀ ပေမှ ၁၂ ပေခန့်ရှိကာ လှိုင်းကြီးမည်နိုင်မည် ဟု ရေကြောင်းမိုးလေဝသ သတိပေးထားသည်။

တိုင်ဖွန်းမုန်တိုင်း အကြွင်းအကျန်များနှင့် လေဖိအားနည်းရပ်ဝန်း အရှိန်သက်ရောက်မှုများကြောင့် စက်တင်ဘာ ၃၀ ရက် မှ အောက်တိုဘာ ၂ ရက်အထိ ပဲခူး၊ ကချင်၊ မွန်နှင့် တနင်္သာရီဒေသတို့တွင် မိုးများမည်ဖြစ်ကြောင်း မိုးလေဝသလေ့လာသူ ဦးဝင်းနိုင် က သုံးသပ်သည်။

ဘူအလွိုင် မုန်တိုင်း၏ အရှိန်ကြောင့် တနင်္သာရီတိုင်း အပါအဝင် နိုင်ငံအဝှမ်း နေရာကွက်၍ မိုးကြီးခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကာ အောက်တိုဘာလ (၄)ရက်နှင့် (၅)ရက်နေ့များတွင် မိုးအားပြန်လည်လျော့နည်းနိုင်ကြောင်း အမျိုးသားညီညွတ်ရေး၊ လူသားချင်းစာနာထောက်ရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက မိုးလေဝသအသိပေးချက် ဖော်ပြသည်။

စက်တင်ဘာလ ၂၃ ရက်မှ ၂၅ ရက်အထိ ဖိလစ်ပိုင်ပင်လယ်ပြင်တွင် ဖြစ်ပေါ်ခဲ့သည့် ရာဂါဆာ မုန်တိုင်း ၏ အရှိန်ကြောင့် တနင်္သာရီတိုင်းတွင် မိုးကြီးကာ ထားဝယ်မြို့နှင့် အနီးတစ်ဝိုက် တွင် ရေကြီးရေလျှံများ ဖြစ်ခဲ့ကာ မြိတ်မြို့တွင် လေပြင်းကြောင့် သစ်ပင်ကျိုးခြင်းများဖြစ်ပေါ်ခဲ့သည်။