မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကရင်လေးဆိပ်ကျေးရွာက ကလေး ၅ ဦးအပါအဝင် ဒေသခံအယောက် ၃၀ ဦးထက်မနည်းကို စစ်ကော်မရှင်တပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ယနေ့ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ပြန်လွတ်လာခြင်း မရှိသေးကြောင်း ဒေသခံတို့ထံမှ သိရသည်။
စစ်ကော်မရှင်တပ်သားနှင့် ရဲအင်အား ၅၀ ခန့်တို့က ကရင်လေးဆိပ်ကျေးရွာထဲကို စက်တင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းက ဝင်ရာက်စီးနင်းခဲ့ခြင်းဖြစ်ပြီး လမ်းတွင်တွေ့သည့် ဒေသခံများကို ဖမ်းဆီးသွားခြင်းဖြစ်သည်။
ဖမ်းဆီးခံရသူများထဲတွင် အသက် ၁၃ နှစ်အရွယ် ကလေး ၅ ဦး၊ အမျိုးသမီး ၁၀ ဦးနှင့် အမျိုးသား ၁၅ ဦးကျော် ပါဝင်သည်ဟု ကရင်လေးဆိပ်ရွာအခြေအနေကို သိရှိသည့် ဒေသခံတစ်ဦးက ပြောသည်။
“ရွာထဲကို ကားတွေနဲ့ ဝင်လာပြီးတော့ လမ်းမှာတွေ့တဲ့လူတွေကိုလည်း ဖမ်းတယ်။ အိမ်တွေပေါ် တက်ပြီးတော့လည်း ဖမ်းသွားတာ ရှိတယ်။ သေနတ်တွေနဲ့ဆိုတော့ ပြေးတဲ့လူက ပြေး၊ ပါသွားတဲ့လူက ပါ။ ဘာမှန်းလည်း မသိဘူး ရွာထဲကို အဲလို ဝင်ဖမ်းတာ” ဟု ၎င်းဒေသခံက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၆ ရက်န့က သထုံမြို့နယ် ဒုံဝန်းဘူတာနှင့် သိမ်ဆိပ်ဘူတာကြား ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်း မိုင်းခွဲခံရမှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး ကရင်လေးဆိပ်ရွာထဲကို ယင်းသို့ဝင်ဆီးခြင်းဖြစ်သည်ဟု ဒေသခံတို့အကြား ပြောဆိုနေကြသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားသည့် ဒေသခံများကို သထုံအခြေစိုက် အမှတ် (၉) လေ့ကျင့်ရေးတပ်တွင် ပို့ဆောင်ထားပြီး ယနေ့ စက်တင်ဘာ ၃၀ ရက်နေ့အထိ ပြန်လွတ်လာခြင်းမရှိသေးပေ။
ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းကလည်း သထုံမြို့နယ်၊ ပုတိမ်ရိုးကျေးရွာက ပြည်သူ့စစ် နှစ်ဦး ပစ်သတ်ခံရပြီးနောက် လူငယ်များအပါအဝင် အမျိုးသားအယောက် ၄၀ ကျော်ကို စစ်တပ်က ဖမ်းဆီးခဲ့သေးသည်။
ကျိုက်ထိုမြို့နယ်တွင် ယခုကဲ့သို့ ရထား၊ ကားလမ်းမိုင်းခွဲခံရခြင်း၊ စစ်ကော်မရှင်တပ် တိုက်ခိုက်ခံရသည့် ဖြစ်စဉ်များ ဖြစ်ပွားတိုင်း အနီးနားတဝိုက်က အရပ်သားပြည်သူများကို စစ်ကော်မရှင်က ဖမ်းဆီးလေ့ရှိပြီး အချို့ ငွေကြေးသိန်း ၁၀ ချီပေးပြီးမှ ပြန်လွတ်လာခြင်းမျိုးရှိသလို အချို့ တရားစွဲခံရပြီး ပြစ်ဒဏ်ကျခံရသူလည်း ရှိနေသည်။
ယခုနောက်ပိုင်း ဖမ်းဆီးခံရသူအချို့ကို စစ်မှုထမ်းသင်တန်း ပို့ဆောင်နေသည့်အတွက် ဒေသခံများအကြား စိုးရိမ်ကြောက်ရွံ့နေကြရသည်ဟု ဒေသခံတို့က ပြောသည်။







