ထိုင်းနိုင်ငံ ဖက်ချ်ဘူရီခရိုင် Cal-Comp လျှပ်စစ်စက်ရုံရှိ မြန်မာအလုပ်သမား ၁၄၀၀ ကျော်သည် ယနေ့ နံနက်ပိုင်းတွင် ရုတ်တရက် အလုပ်ထုတ်ခံလိုက်ရကြောင်း စက်ရုံရှိ မြန်မာအလုပ်သမားများထံမှ သိရသည်။
ယနေ့ (စက်တင်ဘာ ၃၀) နံနက်ပိုင်းတွင် စက်ရုံသို့ မြန်မာအလုပ်သမားများ အလုပ်ဝင်ရောက်လာစဉ် စက်ရုံ တာဝန်ရှိသူများက စာရွက်တွင် လက်မှတ်ထိုးရန် အပြင်သို့ တန်းစီးခေါ်ထုတ်ခဲ့ပြီး ရုတ်တရက် အလုပ်ထုတ်လိုက်ခြင်းဖြစ်ကြောင်း အလုပ်သမားများထံမှ သိရသည်။
မြန်မာအလုပ်သမားများသည် မည်သည့်စာရွက်မှန်းမသိရဘဲ လက်မှတ်ထိုးလိုက်ရပြီး လက်မှတ်ထိုးပြီးမှသာ အလုပ်ထုတ်သည့်စာရွက် ဖြစ်နေသည်ကိုသိရှိခဲ့ကြကြောင်း အလုပ်သမားများထံမှ သိရသည်။
စက်ရုံဘက်က အမှာအော်ဒါနည်းပါးလာသဖြင့် စီးပွားရေးကျဆင်းလာ၍ အလုပ်သမားများကို အလုပ်ထုတ်ခြင်းဖြစ်ကြောင်း အကြောင်းပြ၍ မြန်မာအလုပ်သမားများကို ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ရုတ်တရက် အလုပ်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း အလုပ်ထုတ်ခံရသော မြန်မာအလုပ်သမားတစ်ဦးက ပြောသည်။
“ဘာဆိုတာ မသိရဘူး။ အတင်းလက်မှတ်ထိုးခိုင်းပြီးမှ အောက်ကစာရွက်ကို လှန်ပြတာ။ သူတို့ဘောပင်နဲ့ လက်မှတ်တွေ လိုက်ထိုးခိုင်းတာ တစ်ဦးချင်းစီကို။ စာရွက်တွေတောင် ဖတ်ခွင့်မရှိဘူး။ ထိုးပြီးမှပဲ ဖတ်ခိုင်းတာ” ဟု မြန်မာအလုပ်သမားက ဆိုသည်။
အလုပ်ထုတ်သောအချိန်တွင် စက်ရုံဘက်က အောက်တိုဘာလ ၁ ရက်နေ့အထိ လုပ်အားခ ရှင်းပေးထားပြီး ရုတ်တရက်အလုပ်ထုတ်သဖြင့် နစ်နာကြေး ၄၅၆၃ ဘတ်ကို စက်ရုံဘက်က ပေးဆောင်ပြီး အလုပ်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
ယခုအလုပ်ထုတ်ခံရသူအရေအတွက် ၁၄၀၀ ကျော်ရှိပြီး အများစုမှာ လုပ်သက် ၃ လမပြည့်သေးသော အလုပ်သမားအသစ်များဖြစ်ကြောင်း အလုပ်သမားများထံမှ သိရသည်။
စက်ရုံဘက်က တရားဝင် အလုပ်ခေါ်သည့်အချိန် ပြီးခဲ့သော ဇူလိုင်၊ ဩဂုတ်လများတွင် လျှောက်လွှာဖြည့် အလုပ်လျှောက်ထား၍ စာရွက်စာတမ်း အထောက်အထား ပြည့်စုံစွာဖြင့် အလုပ်ဝင်ထားသူ အများစုဖြစ်ကြောင်း မြန်မာအလုပ်သမားများထံမှ သိရသည်။
လက်ရှိ မြန်မာအလုပ်သမားများ အလုပ်ထုတ်ခံရသည့်ဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာအလုပ်သမားကူညီရေး MHAC မဟာမိတ်အဖွဲ့က ကွင်းဆင်းကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အဖွဲ့ခေါင်းဆောင် ကိုရဲမင်းက ပြောသည်။
“(အလုပ်ထုတ်ခံရမှု) ဒီအမှုနဲ့ ပက်သက်လို့ နည်းနည်းရှုပ်ထွေးနေတယ်။ စက်ရုံဘက်က မဟုတ်ဘဲနဲ့ စက်ကန်ထရိုက်တွေက လူလည်ကျထားတယ်လို့ ကြားတယ်။ အသေးစိတ်မသိရသေးဘူး” ဟု ကိုရဲမင်းက ဆိုသည်။
ယခုအလုပ်ထုတ်ခံလိုက်ရသော မြန်မာအလုပ်သမားများသည် ထိုင်းခရိုင်များစွာက လာ၍ ငွေကြေးအကုန်အကျခံ အလုပ်ဝင်ထားရသူများဖြစ်သဖြင့် အလုပ်ပြန်လည်ဝင်ရောက်နိုင်ရေး ကူညီဆောင်ရွက်ပေးကြရန် မြန်မာအလုပ်သမားအဖွဲ့အစည်းများထံ အကူအညီတောင်းခံထားသည်။
ပြီးခဲ့သော ၂၀၂၃ ခုနှစ်က ထိုင်းနိုင်ငံ မဟာချိုင်ဒေသရှိ Cal-Comp လျှပ်စစ်စက်ရုံက နှစ်နိုင်ငံသဘောတူစာချုပ် MOU စနစ်ဖြင့်ဝင်လာသော မြန်မာအလုပ်သမား ၁၀၀၀ ကျော်ကို ရုတ်တရက် အလုပ်ထုတ်ခဲ့သေးသည်။