BREAKING
October 19, 2025

လောင်းလုံး စစ်ဘေးရှောင်ထောက်ပံ့ငွေ အရှုပ်အရှင်းကိစ္စ အမျိုးသမီးသုံးဦးကို ထိန်းသိမ်းထားဟု မော်ဒန်ပန့်အဖွဲ့ဆို

August 30, 2025

လောင်းလုံးမြို့နယ်အား ထောက်ပံ့သည့် စစ်ဘေးရှောင်ထောက်ပံ့ငွေ အရှုပ်အရှင်းဖြစ်နေသည့် ကိစ္စနှင့်ပတ်သက်ပြီး မြေပြင်တွင် ပိုက်ဆံလိုက်လံထောက်ပံ့ပေးသူ အမျိုးသမီးသုံးဦးကို ယာယီထိန်းသိမ်းထားကြောင်း မော်ဒန်ပန့် ( ModernPunks) အဖွဲ့တည်ထောင်သူ ကိုကြက်ဥက ပြောသည်။

ဩဂုတ်လ ၂၉ ရက် နေ့လယ်ပိုင်းတွင် တစ်ဦး၊ ဩဂုတ်လ ၃၀ ရက်တွင် နှစ်ဦးကို ထိန်းသိမ်းလိုက်ခြင်းဖြစ်ကြောင်း ၎င်းဆိုသည်။

စစ်ဘေးရှောင် ထောက်ပံ့ငွေကြေး အရှုပ်၊အရှင်းဖြစ်နေသည့် ကိစ္စအားဖြေရှင်းပေးရန် ဒေသခံအချို့က Modern Punks အဖွဲ့အား လာရောက်တိုင်ကြားကြောင်း ကိုကြက်ဥကပြောသည်။

ယင်းသို့တိုင်ကြားလာသဖြင့် ငွေကြေးထောက်ပံ့သည့် အဖွဲ့အစည်းကိုယ်စား မြေပြင်တွင် ထောက်ပံ့ကြေး လိုက်လံပေးအပ်သူများအပါအဝင် သက်ဆိုင်ရာကျေးရွာသုံးရွာမှ ဒေသခံများအား ခေါ်ယူကာ လူအများရှေ့တွင်ပင် စစ်ဆေးခဲ့ကြောင်း ကိုကြက်ဥကနှင့် ဒေသခံအချို့က ပြောသည်။

ထိုကဲ့သို့ စစ်ဆေးရာတွင် စစ်ဘေးရှောင်ထောက်ပံ့ငွေများထဲမှ ငွေကြေးဖြတ်တောက်ထားသည်ကို တွေ့ရရှိရသဖြင့် ယင်းကိစ္စအား ဖြေရှင်းနိုင်ရန်အတွက် မြေပြင်တွင် ငွေကြေး‌လိုက်လံထောက်ပံ့ရာတွင် ပါဝင်သူ အမျိုးသမီးသုံးဦးအား ယာယီထိန်းသိမ်းထားခြင်းဖြစ်ကြောင်း ကိုကြက်ဥကပြောသည်။

လေးသွန်းခံကျေးရွာရှိ စစ်ဘေးရှောင်ထောက်ပံ့ကြေးရသူ ၃၅ ဦးအား ကနဦး စစ်ဆေးရာ လာရောက်ထောက်ပံ့သူ အမျိုးသမီးအား တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ စီ ပေးခဲ့ရသည်ဟု အများစုက ထွက်ဆိုထားကြောင်း ကိုကြက်ဥနှင့် စစ်ဆေးခံရသည့် ဒေသခံအချို့က ပြောသည်။

“အချို့က စေတနာနဲ့ပေးတယ်လို့‌ပြောတယ်။ အချို့က စေတနာမပါဘဲ သူများပေးထားတာတွေ့လို့ ပေးတယ်ပြောတဲ့သူလည်းပြောတယ်။ မပေးရတဲ့သူလည်းရှိတယ်။ မပေးရဘဲ ပိုက်ဆံအပြည့်ရတယ်လို့ ပြောတဲ့သူက လေးငါးယောက်လောက်ပဲ” ဟု စစ်ဆေးခံရသူ တစ်ဦးက ပြောသည်။

ထောက်ပံ့ကြေးရသူများကို တစ်ဦးချင်းနာမည်ခေါ်ကာ ထောက်ပံ့ကြေးမည်မျှရကြောင်း၊ မည်မျှပြန်ပေးခဲ့ရကြောင်း စစ်ဆေးခဲ့သည်ဟု စစ်ဆေးခံရသည့် ဒေသခံတစ်ဦးက ပြောသည်။

“ထောက်ပံ့ကြေးရတဲ့သူ တစ်ယောက်ပြီးတစ်ယောက်နာမည်ခေါ်ပြီးမေးတယ်။ ပိုက်ဆံဘယ်လောက်ရလဲ။ ဘယ်လောက်ပြန်ပေးခဲ့ရလဲ။ အဲလိုမေးတယ်။ သူတို့က စာရင်းနဲ့တကွမှတ်ထားတယ်” ဟု စစ်ဆေးခံရသူအမျိုးသမီးတစ်ဦးက ပြောဆိုသည်။

ပြည်သူများထံမှ အကြောင်းအမျိုးမျိုးဖြင့် ငွေဖြတ်တောက်ထားသည့် ကိစ္စအားလုံး ပြေလည်အောင် ဖြေရှင်းပြီးပါက ဖမ်းထားသူများကို ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း ကိုကြက်ဥကပြောသည်။

“သူ့တို့ကို ကျွန်တော်တို့ ကောင်းကောင်းမွန်မွန်ပဲ ထိန်းသိမ်းစောက်ရှောက်ထားမယ်။ လက်ဖျားနဲ့တောင်မထိဘူး။ ကိုယ့်အမေတစ်ယောက်လိုပဲထားမယ်။ ထောက်ပံ့ထားတဲ့စာရင်း အမြန်မြန်ဖြေရှင်းပေးနိုင်ရင် မြန်မြန် ပြန်လွှတ်ပေးမယ်။ ကျွန်တော်‌ခေါ်ထားတာကလည်း ကျွန်တော်သဘေားနဲ့ ကျွန်တော်ခေါ်တာမဟုတ်ဘူး။ ဒေသခံတွေရဲ့ သဘေားထားမေးပြီးမှ သူတို့သဘောတူလို့ ခေါ်ထားတာ” ဟု ကိုကြက်ဥကပြောသည်။

ထိန်းသိမ်းထားသည့်အမျိုးသမီးကိုလည်း ငွေစာရင်းရှင်းနိုင်ရန်အပါအဝင် မိသားစုဝင်များနှင့် ဆက်သွယ်နိုင်ရန် ဖုန်းပြောခွင့်ပြုထားမည်ဟု ၎င်းကပြောဆိုသည်။

လုံခြုံရေးအရ အမည်မဖော်လိုသည့် အဖွဲ့တစ်ခု (တော်လှန်ရေးအဖွဲ့အစည်းမဟုတ်) က လောင်းလုံးမြို့နယ် လေးသွန်းခံ၊ စစ်ပြဲ၊ ကထောင်နီကျေးရွာသုံးရွာရှိ စစ်ဘေးရှောင်အိမ်ထောင်စု ၂၅၆ စုအတွက် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် သုံးသိန်းခြောက်သောင်းကျပ်နှုန်းဖြင့် စုစုပေါင်း ငွေကျပ်သိန်းကိုးရာကျော် ( ၉၂၁၆၀၀၀၀) ထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။

အိမ်ထောင်စု ၂၅၆ စုအတွက် ငွေကျပ်သိန်းကိုးရာ‌ကျော် ထောက်ပံ့ပေးထားသည်မှာ မှန်ကန်ကြောင်းလည်း သက်ဆိုင်ရာငွေကြေးထောက်ပံ့သည့်အဖွဲ့ Dawei Watch အား အတည်ပြုသည်။

“အခု အယောက်က်သုံးဆယ်ကို စစ်တာတောင်မှ ခြောက်သိန်းလောက် ပိုက်ဆံကွာနေပြီ။ လူနှစ်ရာလောက်သာဆို သိန်း ‌၆၀ လောက်ကို ကွာသွားနိုင်တယ်” ဟု ကိုကြက်ဥကပြောသည်။

ကွာနေသည့် ပိုက်ဆံများအား ပြန်လည်တောင်းယူပြီး ဆင်းရဲချို့တဲ့သူများနှင့် အမှန်တကယ်လိုအပ်‌သည့် စစ်ဘေးရှောင်များကို ပေးအပ်သွားမည်ဖြစ်ကြောင်း ကိုကြက်ဥက ပြောဆိုသည်။