BREAKING
October 18, 2025

ရုရှားငလျင်ကြောင့် ဆူနာမီ သတိပေးချက်များထုတ်ပြန်၊ ရုရှားနှင့် ဂျပန်သို့ ဆူနာမီလှိုင်းများ စတင်ရိုက်ခတ်

July 30, 2025

ရုရှားနိုင်ငံ၊ အရှေ့ဘက် ကမ်းရိုးတန်းကျွန်းဆွယ်အနီးတွင် အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် ရုရှား၊ ဂျပန်နှင့် အမေရိကန်ပြည်ထောင်စုက ဆူနာမီအန္တရာယ် ကျရောက်နိုင်သော ဒေသများရှိ ဒေသခံများကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ရကြောင်း နိုင်ငံတကာသတင်းများအရ သိရသည်။

ယနေ့ ဇူလိုင်လ ၃၀ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၈ နာရီ ၂၅ မိနစ်တွင် ရုရှားနိုင်ငံ အရှေ့ဘက် ကန်ချက်တာကျွန်းဆွယ်အနီးတွင် ပြင်းအား ၈ ဒသမ ၈ အဆင့်ရှိ အင်အားပြင် ငလျင်တစ်ခု လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။

ငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးနောက် နောက်ထပ် ပြင်းအား ၆ ဒသမ ၉ အဆင့်ရှိ ငလျင်ငယ်များလည်း ဆက်တိုက်လှုပ်ခတ်ခဲ့သည်။

ငလျင်လှုပ်ခတ်မှုကြောင့် ရုရှားနိုင်ငံ Petropavlovsk-Kamchatsky မြို့ရှိ အဆောက်အဦးများ ပြိုပျက်ခဲ့ပြီး လမ်းပေါ်က ကားများလည်း ယိမ်းထိုးလှုပ်ခတ်ခဲ့ကာ လျှပ်စစ်မီး ပြတ်တောက်သွားပြီဖြစ်ကြောင်း သိရသည်။

ကမ်းရိုးတန်းဒေသဖြစ်သော Severo-Kurilsk ဆိပ်ကမ်းမြို့သို့ ယနေ့နေ့လယ်ပိုင်းအထိ ဆူနာမီလှိုင်းများ သုံးကြိမ်အထိ ရိုက်ခတ်ထားပြီးဖြစ်သည်။

လက်ရှိတွင် အင်အားပြင်းငလျင်ကြောင့် ဆူနာမီလှိုင်းလုံးများ ရိုက်ခတ်လာနိုင်သဖြင့် ရုရှား၊ ဂျပန်နှင့် အမေရိကန် ဟာဝိုင်အီပြည်နယ်၊ ကယ်လီဖိုးနီးယားပြည်နယ်၊ အလက်စကားပြည်နယ်များအပါအဝင် ပြည်နယ်တချို့က ဒေသခံများ ဘေးလွတ်ရာ ပြောင်းရွှေ့နေပြီဖြစ်ကြောင်း သက်ဆိုင်ရာ အာဏာပိုင်များက ပြောသည်။

ဆူနာမီလှိုင်းလုံးများသည် အမြင့်ပေ ၃ မီတာမှ ၄ မီတာ (၁၀ ပေမှ ၁၂ ပေ) အထိ မြင့်တက်နိုင်ကြောင်း ဖော်ပြသည်။

လက်ရှိတွင် ဂျပန်နိုင်ငံ ဟွတ်ကိုင်ဒိုကျွန်းသို့ အမြင့် ၁၂ လက်မရှိသော လှိုင်းလုံးကြီးများ ရိုက်ခတ်နေပြီဖြစ်ပြီး ဆူနာမီရိုက်ခတ်နိုင်သော နေရာများကို အစိုးရက ကြေညာထားသလို ဒေသခံများ ဘေးလွတ်ရာ ပြောင်းကြရန်၊ သတိပြုနေထိုင်ကြရန် တိုက်တွန်းထားကြောင်း ဖော်ပြသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ဒေသခံများကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပြီး ဆူနာမီသတိပေးချက်များကို ဂရုစိုက်ကြရန် တိုက်တွန်းထားသည်။

လက်ရှိတွင် ရုရှားနိုင်ငံအနီး ငလျင်လှုပ်ခတ်မှုကြောင့် ကန်ချက်တာမြို့ရှိ ပြည်သူများ ထိခိုက်မှုများ ရှိနေသော်လည်း အသေးစိတ်အခြေအနေကိုမူ မသိရသေးပေ။

နောက်ထပ် တရုတ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဂွမ်၊ ပီရူးနှင့် အီကွေဒေါနိုင်ငံများကလည်း ဆူနာမီလှိုင်းလုံးများ အဆင့်အလိုက် ရိုက်ခတ်လာနိုင်သဖြင့် သတိပေးချက်များ ထပ်မံထုတ်ပြန်ထားကြသည်။

Ref: BBC, Aljazeera, REUTERS