ထိုင်းရောက် မြန်မာအလုပ်သမားများအတွက် ထုတ်ပေးထားသော မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI စာအုပ်) သက်တမ်းတိုးစခန်းများကို လာမည့် ဇွန်လထဲ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း ဘန်ကောက်အခြေစိုက် အလုပ်သမားသံအရာရှိရုံးထံမှ သိရသည်။
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ဘတ်) ပြုလုပ်ထားသော မြန်မာအလုပ်သမားများသည် တရားဝင် နေထိုင်သွားလာခွင့်အတွက် နိုင်ငံကူးလက်မှတ်စာအုပ်တွင် အခြေခံအလုပ်သမားဗီဇာကို ထည့်သွင်းအသုံးပြု၍ နေထိုင်လုပ်ကိုင်ကြရသည်။
နိုင်ငံကူးလက်မှတ် (ပတ်စ်ပိုစ်) မရှိသော မြန်မာအလုပ်သမားများသည် အခြေခံအလုပ်သမားဗီဇာကို ထည့်သွင်းနိုင်ရန် CI စာအုပ်ကို သက်ဆိုင်ရာ CI စခန်းများ ဖွင့်လှစ်ပေးချိန်တွင် ပြုလုပ်ရခြင်းဖြစ်သည်။
ယင်း CI စာအုပ်များသည် အလုပ်လုပ်ခွင့်လက်မှတ် ဗီဇာသက်တမ်းတိုးချိန်တွင် သက်တမ်း အနည်းဆုံး ၆ လကျန်ရှိရမည် ဖြစ်ကြောင်း ထိုင်းအစိုးရဘက်က ထုတ်ပြန်ထားသည်။
ထို့ကြောင့် CI စာအုပ်သက်တမ်းကုန်ဆုံးတော့မည့် မြန်မာအလုပ်သမားများအတွက် လာမည့်ဇွန်လထဲတွင် သက်တမ်းတိုး လုပ်ငန်းစဉ်များ လုပ်ဆောင်နိုင်ရန် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဘန်ကောက်အခြေစိုက် မြန်မာအလုပ်သမားသံအရာရှိ ဦးလေးမောင်က ပြောသည်။
“CI စခန်းတွေကို နောက်လထဲ ဖွင့်ဖို့လျာထားတယ်။ အသေးစိတ်ကိုတော့ ကျွန်တော်တို့လည်း ပြောပိုင်ခွင့်မရှိသေးဘူး။ ထပ်မံထုတ်ပြန်လာပါလိမ့်မယ်” ဟု ၎င်းက ပြောဆိုသည်။
စခန်းပြန်ဖွင့်မည့် ခရိုင်နှင့် အသေးစိတ်အချက်အလက်များကို ဖြေကြားနိုင်ခြင်းမရှိသေးကြောင်း ဦးလေးမောင်က ဆိုသည်။
ယခုဖွင့်လှစ်မည့်စခန်းများသည် CI သက်တမ်းတိုးလုပ်ငန်းစဉ်များအတွက်သာ ဖြစ်ကြောင်း အလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်ထားသည်။
ယခုနှစ်တွင်စတင်ကာ အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောက်ဘတ်) အသစ် ပြုလုပ်ထားပြီး နိုင်ငံကူးလက်မှတ်မရှိသေးသော မြန်မာ အလုပ်သမားများအတွက်မူ မည်သည့်အချိန်တွင် CI စာအုပ်အသစ်များ ထုတ်ပေးမည်ကိုမူ မသိရသေးပေ။
CI စာအုပ်အသစ် ထုတ်ပေးရေး စခန်းများကို ပြီးခဲ့သောနှစ် ဖေဖော်ဝါရီလက ဖွင့်လှစ်ပေးခဲ့ပြီးနောက် ဇူလိုင်လတွင် အပြီးပိတ်သိမ်းထားကာ ယနေ့အထိ ပြန်လည်ဖွင့်လှစ်ပေးခြင်း မရှိသေးပေ။
လက်ရှိအချိန်တွင် အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောက်ဘတ်) အသစ် ပြုလုပ်ထားပြီး နိုင်ငံကူးလက်မှတ်ရှိသော မြန်မာအလုပ်သမားများအတွက်မူ အခြေခံအလုပ်သမားဗီဇာများကို ထိုင်းအစိုးရက ဗီဇာထည့်သွင်းခွင့် ပြုနေပြီဖြစ်သည်။
CI အစိမ်းရောင်စာအုပ်ကို မှတ်ပုံတင်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ပြုလုပ်နိုင်ပြီး ပြုလုပ်သည့်ရက်မှစ၍ စာအုပ်သက်တမ်း ၄ နှစ်ရရှိမည်ဖြစ်သည်။