ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူဂိတ်ကို ထိုင်းဘက်ကပိတ်

March 30, 2026

ပုံစာ - ဘုရားသုံးနယ်စပ် ထိုင်းဘက်ခြမ်းတွင် တွေ့ရသည့် ကုန်ကားများ (ပုံဟောင်း) ဓာတ်ပုံ - ဒေသခံတစ်ဦး

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူဂိတ်ကို ထိုင်းဘက်ခြမ်းက ယမန်နေ့ မတ်လ ၂၉ ရက် ညနေပိုင်းကစပြီး ပိတ်ထားကြောင်း ဘုရားသုံးဆူမြို့ခံများက ပြောသည်။

ယမန်နေ့က ဘုရားသုံးဆူနယ်စပ်ဂိတ်မှတစ်ဆင့် မူးယစ်ဆေးပြား သုံးသိန်းနီးပါးသယ်ဆောင်လာသည့် အမျိုးသားနှစ်ဦးကို ကန်ချနဘူရီခရိုင်၊ ထောင်ဖာဖွန်စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရမှုနှင့် ဆက်စပ်ပြီး ပိတ်ခြင်းဖြစ် နိုင်ကြောင်း မြို့ခံတို့က ခန့်မှန်းသည်။

“မနေ့ ညနေလောက်ကနေစပြီး ပိတ်လိုက်တာ။ ကုန်ပစ္စည်းတွေလည်း ပေးမဖြတ်ဘူး။ ထိုင်းဘက်ကမ်းမှာ အလုပ် သွားလုပ် နေတဲ့ လူတွေကိုလည်း ပေးမသွားဘူး။ ဘယ်သူမှ ပေးမဖြတ်ဘူး။ ပိတ်တာက ယာယီပဲဖြစ်မှာပါ။ အဓိက ဒီမူးယစ်ဆေးဝါး ဖမ်းမိထားတဲ့ကိစ္စပဲ။ သုံး၊ လေးရက်လောက်တော့ ပိတ်မယ် ထင်တယ်” ဟု ဘုရားသုံးဆူမြို့ခံတစ်ဦးက ပြောဆိုသည်။

ဘုရားဆူနယ်စပ်ဂိတ်သည် တရားဝင် ဖွင့်လှစ်ထားသည့်ဂိတ် မဟုတ်ဘဲ ထိုင်း၊ မြန်မာ ဒေသအာဏာပိုင်များအချင်းချင်း နားလည်မှုဖြင့် ညှိနှိုင်းဖွင့်လှစ်ထားသည့် နယ်စပ်ကုန်သွယ်ရေးဂိတ်ဖြစ်သည်။

အဆိုပါနယ်စပ်ဂိတ်ကို ထိုင်းဘက်က မကြာခဏ ပိတ်လေ့ရှိသလို မြန်မာဘက်ကလည်း မကြာခဏပိတ်လေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ဘုရားသုံးဆူနယ်စပ်ဂိတ်ကို ရက်ကြာရှည် ပိတ်ထားပါက နယ်စပ်ကုန်သွယ်ရေး ထိခိုက်နိုင်ပြီး ဒေသတွင်း ကုန်ပစ္စည်း ပြတ်လပ်မှုနှင့်အတူ ကုန်စျေးနှုန်းလည်း မြင့်တက်လာနိုင်ကြောင်း ဘုရားသုံးဆူမြို့မှ ကုန်သည်များက ဆိုသည်။

“ဂိတ်ပိတ်လိုက်တဲ့ကိစ္စက နှစ်ဖက်တာဝန်ရှိသူတွေ ညှိနှိုင်းနေတယ်လို့တော့ သိရတယ်။ အကြာကြီး ပိတ်တာတော့ မဟုတ်လောက်ဘူး။ နှစ်ရက် သုံးရက်လောက် ပိတ်တာတော့ ပြဿနာမရှိပေမယ့် ရက်ကြာလာရင် ကုန်တွေ ဟိုဘက် ဒီဘက် သယ်မရရင် ဒုက္ခရောက်ကုန်မယ်” ဟု ဘုရားသုံးဆူမြို့မှ ကုန်သည်တစ်ဦးက ပြောသည်။

လက်ရှိတွင် ဘုရားသုံးဆူနယ်စပ်ဂိတ်ဝင်ပေါက်နေရာကို ထိုင်းဘက်ခြမ်းက သံဆူးကြိုးများကာထားပြီး လုံခြုံရေးလည်း တင်းကျပ်ထားကြောင်း မြို့ခံများထံမှ သိရသည်။

နယ်စပ်ဂိတ် ပိတ်လိုက်ခြင်းကြောင့် နှစ်ဖက်ကုန်စည်စီးဆင်းမှုလည်း ရပ်တန့်နေပြီး ထိုင်းဘက်ခြမ်းဘက်မှ မြန်မာဘက်ခြမ်းသို့ တင်ပို့မည့် ကုန်ပစ္စည်းတင်ကား ရာနှင့်ချီ ပိတ်မိနေကြောင်း ဆိုသည်။

ကျားဖြန့်ငွေလိမ်လုပ်ငန်း၊ မူးယစ်ဆေးဝါး သယ်ယူပို့ဆောင်ခြင်းနှင့် တရားမဝင် ခိုးဝင်သူများကြောင့် ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူနယ်စပ်တစ်လျှောက်တွင် ထိုင်းဘက်က လုံခြုံရေး တင်းကျပ်ထားပြီး ယခုပိတ်လိုက်သည့် ကုန်သွယ်ရေးဂိတ် အပါအဝင် မလွယ်ပေါက်များကိုလည်း ထိုင်းဘက်က ပိတ်ထားကြောင်း ဘုရားသုံးဆူမြို့ခံများထံမှ သိရသည်။