ထားဝယ်မြို့အခြေစိုက် ရင်ခုန်သံ သွေးနှင့် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့သည် သွေးလှူဒါန်းခြင်းနှင့် အရေးပေါ်လူနာများအား ကူညီဆောင်ရွက်မှုများကို နှစ်လကြာရပ်နားထားရာမှ ဖေဖော်ဝါရီလ ၁ ရက်မှစ၍ ပြန်လည် ကူညီ ဆောင်ရွက် မည်ဖြစ်ကြောင်း အဆိုပါကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၂၉ ရက်တွင် ရေဖြူမြို့နယ်၊ ကံပေါက်ဒေသသို့ အရေးပေါ်လူနာတစ်ဦးကို သွားရောက်ပို့ဆောင်ပြီး ပြန်လာစဉ် အဆိုပါအဖွဲ့မှ စေတနာ့ဝန်ထမ်း မောင်ဘုန်းမြတ်ကိုကိုအား ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထားဝယ်-ပကဖ (DGRF)အဖွဲ့က ရေဖြူမြို့နယ်ရှိ လမ်ပိုင်းတစ်နေရာတွင် ဖမ်းဆီး ခဲ့သည်။
ယင်း နောက် ရန်ခုန်သံအဖွဲ့သည် အသင်း၏ သွေးလှူဒါန်းခြင်း နှင့် အရေးပေါ် ကူညီ ဆောင်ရွက်မှုများကို နိုဝင်ဘာလ ၃၀ ရက်မှစ၍ ရက်အကန့်အသန့်မရှိ ရပ်နားထားခဲ့သည်။
ထို သို့ ရပ်နားချိန်တွင် ဒေသခံပြည်သူများ သွေး လှူဒါန်းရန် ဆက်သွယ်ကူညီတောင်းခံမှုများနှင့် အရေးပေါ်လူနာများ ဆက်သွယ်ကူညီတောင်းခံမှုများ အဆက်မပြတ်ရှိလာသောကြောင့် သွေး နှင့် အရေးပေါ်ကူညီ ဆောင်ရွက်မှုများ ပြန်လည် စတင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ရင်ခုန်သံအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
“အဓိက ကျွန်တော်တို့ရပ်ထားတဲ့ အချိန်မှာလည်း ဆက်တိုက် အကူအညီ တောင်းခံတာတွေရှိနေခဲ့တော့ အရေးပေါ်ကူညီ မှုလုပ်ငန်းတွေကို ပြန်လည်စတင်ဖို့ ပြန်ပြီး ဆုံးဖြတ် ခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။
လက်ရှိ စေတနာ့ဝန်ထမ်း လိုအပ်နေသောကြောင့် စေတနာ့ဝန်ထမ်းအဖြစ် ကူညီဆောင်ရွက်ပေးလိုသူများ လာရောက်ကူညီ ဆောင်ရွက်ပေးနိင်ပြီး အသင်း ဝင်ရောက်လိုသူများအနေဖြင့် အသင်းရုံးသို့ လူကိုယ်တိုင်လာရောက်၍ဖြစ်စေ ဖုန်းဆက်သွယ်၍ဖြစ်စေ ကူညီဆောင်ရွက်နိုင်ကြောင်း အထက်ပါအဖွဲ့က ထုတ်ပြန်ထားသည်။
ရင်ခုန်သံသွေးလှူရှင်အဖွဲ့ကို ၂၀၀၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီးနောက် ၂၀၂၀ ခုနှစ်တွင် အရေးကူညီကယ်ဆယ်ရေးအဖွဲ့ကိုပါ ထပ်တိုး ဖွဲ့စည်းပြီး ကူညီမှုများ ဆောင်ရွက်ခဲ့ကြောင်း အထက်ပါအဖွဲ့ထံမှသိရသည်။







