ကိုလိုနီခေတ်က အတ္တလန္တိတ်သမုဒ္ဒရာဖြတ်ကျော်ပြီး အာဖရိက ကျွန်ကုန်သွယ်မှုအတွက် ဗြိတိန်၏ ချားလ်စ်ဘုရင်အနေဖြင့် တရားဝင် ဝန်ချတောင်းပန်ရန် လွှတ်တော်အမတ်များ၊ ပညာရှင်များနှင့် တက်ကြွလှုပ်ရှားသူများက တောင်းဆိုနေကြောင်း The Guardian သတင်းတွင် ဖော်ပြသည်။
အဆိုပါ ကျွန်ကုန်သွယ်မှုကို ဗြိတိန်တော်ဝင်မိသားစုနှင့် တော်ဝင်ရေတပ်က အကာအကွယ်ပေးခဲ့ပြီး ပိုမိုကျယ်ပြန့်စေခဲ့ကြောင်း တွေ့ရှိချက်များ ထွက်ပေါ်လာပြီးနောက် ယင်းသို့ တောင်းဆိုလာကြခြင်းဖြစ်သည်။
ကျွန်စနစ်ကြောင့် ဖြစ်ရသည့် ဆင်းရဲဒုက္ခများအပေါ် ၎င်းအနေဖြင့် ပုဂ္ဂိုလ်ရေးအရ စိတ်မကောင်းဖြစ်ရကြောင်း ချားလ်ဘုရင်က ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။
သက်ဆိုးရှည်ကြာမြဲသည့် မညီမျှမှုကို ပြုပြင်နိုင်မည့် နည်းလမ်းများကို ရှာဖွေရန် သံန္နိဌာန်ချထားကြောင်းလည်း ၎င်းက ပြောဆိုဖူးသည်။
သို့သော် ချားလ်ဘုရင်သည် အာဖရိက ကျွန်ကုန်သွယ်မှုအတွက် တရားဝင်ဝန်ချတောင်းပန်မှုကိုမူ ယနေ့တိုင် မပြုလုပ်သေးပေ။
ယခုအပတ်အတွင်း ထွက်ရှိလာသည့် ‘The Crown’s Silence’ အမည်ရှိ စာအုပ်တွင် ပထမ အဲလိဇဘက်ဘုရင်မလက်ထက်မှ စတုတ္ထ ဂျော့ဘုရင်လက်ထက်အထိ ဗြိတိန်တော်ဝင်အုပ်ချုပ်သူများက ဗြိတိန်အင်ပါယာ အင်အားတောင့်တင်းစေရန် ကျွန်ကုန်သွယ်မှုကို မည်သို့အသုံးချခဲ့ကြောင်း အသေးစိတ်ဖော်ပြထားသည်။
သမိုင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ အငြင်းပွားမှုများအကြား နစ်မွန်းနေသည့် ပြဿနာတစ်ရပ်ကို သမိုင်းအထောက်အထားနှင့် ဆွေးနွေးနိုင်ရန် အဆိုပါ စာအုပ်ကို ရေးရခြင်းဖြစ်ကြောင်း သမိုင်းပညာရှင် ဘရွတ်ခ်နယူးမန်းက ပြောသည်။
၁၈၀၇ ခုနှစ်ဝန်းကျင်တွင် ကျွန်ပြုခံရသူများကို အများဆုံး ဝယ်ယူသူမှာ ဗြိတိန်တော်ဝင်မိသားစုအဖြစ် ယူဆရကြောင်း The Guardian သတင်းတွင် ဖော်ပြသည်။
ပုဂ္ဂိုလ်ရေးအရ စိတ်မကောင်းဖြစ်မှုက လူသားထုအပေါ် ကျူးလွန်သည့် ကြီးမားသည့် ရာဇဝတ်မှုများထဲမှ တစ်ခုအတွက် လျော်ကန်ခြင်းမရှိကြောင်း ဗြိတိန်ပါလီမန်ရှိ ပါတီပေါင်းစုံပါဝင်သည့် အာဖရိကနစ်နာကြေးရရှိရေးအဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူ လေဘာပါတီအမတ် ဘဲလ်ရီဘဲရိုးအက်ဒီက ပြောသည်။
“ဒါဟာ လူပုဂ္ဂိုလ်တစ်ဦးချင်းကိစ္စ မဟုတ်ဘူး။ ဗြိတိန်ဘုရင်စနစ်တစ်ခုလုံးနဲ့ ဆိုင်တဲ့ ကိစ္စပါ” ဟု သူမက ဆိုသည်။
“တော်ဝင်မိသားစုကိုယ်စား တောင်းပန်လိုက်ရုံနဲ့ ရတာ မဟုတ်ဘူး။ ဒီသမိုင်းကြောင်းကို ဝန်ခံဖို့လိုတယ်။ ကမ္ဘာလုံးဆိုင်ရာ လူမျိုးရေးခွဲခြားမှုနဲ့ မညီမျှမှုလိုမျိုး သက်ဆိုးရှည် ကျန်ရစ်နေတဲ့ ဆိုးမွေတွေကို ဖြေရှင်းဖို့အတွက် လက်တွေ့လုပ်ဆောင်ဖို့ လိုတယ်” ဟု သူမက ဖြည့်စွက်ပြောသည်။
ဗြတိန်တော်ဝင်မိသားစုအနေနှင့် ဝန်ချတောင်းပန်ရန် အချိန်နှောင်းနေပြီ ဖြစ်ကြောင်း ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်နေသည့် လွတ်လပ်သော ကျွမ်းကျင်ပညာရှင်များက ပြောဆိုသည်။
Source: The Guardian







