ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရေဖြူ ရာဖူးရွာတွင် တပ်စွဲနေသည် စစ်အာဏာရှင်တပ်ကို ရေးဘီလူးနှင့် KNLA တိုက်ခိုက်

December 29, 2025

ပုံစာ - ရေးဘီလူး တပ်ဖွဲ့ဝင်များ (ပုံဟောင်း)။ ဓာတ်ပုံ - ရေးဘီလူး။

ရေဖြူမြို့နယ်၊ ကလိန်အောင် – မလွှဲတောင်လမ်းပိုင်းရှိ ရာဖူးရွာတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်ကို တော်လှန်ရေး အင်အားစုများက ဒီဇင်ဘာလ ၂၈ ရက်တွင် ဝင်ရောက်တိုက်ခိုက်ရာမှ ထိတွေ့ပစ်ခတ်မှုဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ရာဖူးရွာရှိ နေအိမ်အချို့တွင် စစ်အာဏာရှင်တပ်ဖွဲ့ဝင် အင်အား ၅၀ခန့် တပ်စွဲထားပြီး မွန်ပြည်နယ်က ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တစ်ခုဖြစ်သည့် ရေးဘီလူးတပ်ဖွဲ့ နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၂၇ တို့က သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ရေးဘီလူးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားချိန် မိနစ် ၂၀ ခန့်ကြာပြီး စစ်အာဏာရှင်တပ်ဘက်က တပ်ကြပ်ကြီး တစ်ဦးအပါဝင် သုံးဦးသေဆုံးပြီး တော်လှန်ရေးတပ်ဘက်က အထိအခိုက် မရှိကြောင်း ရေးဘီလူးတပ်ဖွဲ့ တာဝန်ရှိသူက ပြောဆိုသည် ။

“သတင်းအတိအကျနဲ့ အလစ်အငိုက် ဝင်တိုက်ခဲ့တာပါ” ဟု ၎င်းက ပြောသည် ။

ဒေသခံအချို့ကမူ စစ်အာဏာရှင်တပ်ဘက်က အထိနာကြောင်း သိရပြီး သေဆုံးခြင်း ရှိမရှိကိုမူ မသိရသေးကြောင်း ဆိုသည်။

“သုံးယောက်ထိသွားတာကတော့ သေချာတယ်။ သေ မသေပဲ မသိရတာ။ သူတို့ (စစ်အာဏာရှင်တပ်သား) က အလစ်တိုက်ခံရတာကိုး။ လက်နက်ကြီးတွေတော့ ပြန်ထုသေးတယ်။ အရင်ကတစ်ခေါက် (နိုဝင်ဘာလ ၂၄ ရက်က) ပစ်ခံရပြီးကတည်းက စစ်သားတွေ လမ်းမပေါ် မလာတော့ဘူး။ မနေ့က ရွေးကောက်ပွဲနေ့ တက်တာနဲ့ထိတာပဲ” ဟု ရွာသားများတစ်ဦးက ပြောသည် ။

လက်နက်ကြီး ပစ်ခတ်မှုတွင် အရပ်သားထိခိုက်မှုမရှိကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

ယနေ့ ဒီဇင်ဘာလ ၂၉ ရက် နံနက်ပိုင်းတွင်မူ ကလိန်အောင် – မလွှဲတောင် လမ်းပိုင်း၌ ကားများပုံမှန်အတိုင်းသွားလာနေဆဲ ဖြစ်ကြောင်း ကားသမားများထံမှ သိရသည်။