ထိုင်းနိုင်ငံတောင်ပိုင်း၊ စူရတ်ဌာနီခရိုင်၊ ကော့ဖငန်းကျွန်းတွင် နိုင်ငံခြားသား ဖွင့်လှစ်ထားသော တည်းခိုခန်းကို ထိုင်းအာဏာပိုင်များက ဝင်ရောက်စစ်ဆေးပြီးနောက် ယင်းတည်းခိုခန်းတွင် အလုပ်လုပ်နေသော မြန်မာနိုင်ငံသားငါးဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများ တွင် ဖော်ပြသည်။
အောက်တိုဘာလ ၂၈ ရက် နေ့လယ်ပိုင်းက ကော့ဖငန်းကျွန်း လှေဆိပ်အနီးရှိ The 10 Club Hostel ကို နိုင်ငံခြားသားများက ဖွင့်လှစ်ထားကြောင်း တိုင်ကြားချက်ရရှိသဖြင့် ကော့ဖငန်းရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။
တည်းခိုခန်းသည် အနီးက ပြည်သူများကို စိတ်အနှောက်အယှက်ပေးနေပြီး အရက်နှင့် ပက်သက်သောပွဲများ ပြုလုပ်၍ စပိန်နိုင်ငံသားများကိုသာ ဝန်ဆောင်မှုပေးနေသည်ဟု တိုင်ကြားချက်ရရှိခဲ့ကြောင်း ဖော်ပြသည်။
ထို့အပြင် နိုင်ငံခြားသားများက အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ အလုပ်လုပ်ကိုင်နေကြောင်း ဆိုသည်။
ထိုင်းနိုင်ငံသားတစ်ဦး အမည်ခံပေးပြီး နိုင်ငံခြားသားများက စီးပွားရေးလုပ်ကိုင်နေကြောင်း သတင်းပေးပို့တိုင်ကြားလာသဖြင့် ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။



တည်းခိုခန်းတွင် ထိုင်းနိုင်ငံသားတစ်ဦး၊ စပိန်နိုင်ငံသားသုံးဦးနှင့် မြန်မာနိုင်ငံသားငါးဦး အလုပ်လုပ်ကိုင်နေသည်ကို တွေ့ရသဖြင့် ဖမ်းဆီးခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။
ခွင့်ပြုချက်မရှိဘဲ ဟိုတယ်စီးပွားရေးလုပ်ငန်း လုပ်ဆောင်မှု၊ အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ အလုပ်လုပ်ကိုင်မှုများဖြင့် ထိုင်းနိုင်ငံသားနှင့် စပိန်နိုင်ငံသားများကို အမှုဖွင့် အရေးယူထားကြောင်း ဆိုသည်။
မြန်မာနိုင်ငံသားများကိုမူ လုပ်ပိုင်ခွင့်ထက် ကျော်လွန်လုပ်ကိုင်မှု၊ အလုပ်ရှင်နှင့် အလုပ်နေရာကို ၁၅ ရက်အတွင်း အကြောင်း မကြားထားမှုများဖြင့် အမှုဖွင့်ထားပြီး ကော့ဖငန်းရဲစခန်းသို့ ပို့ဆောင်ထားကြောင်း ဖော်ပြသည်။
လက်ရှိတွင် ကော့ဖငန်းကျွန်းအပါအဝင် နိုင်ငံအတွင်း နိုင်ငံခြားသားများ တရားမဝင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခြင်းရှိမရှိ ဆက်တိုက်စုံစမ်းဖမ်းဆီးသွားမည်ဖြစ်ကြောင်း ဖော်ပြသည်။
နိုင်ငံခြားသားများက တရားမဝင် စီးပွားရေးလုပ်ကိုင်နေခြင်းသည် တိုင်းပြည်ပုံရိပ်ကို ထိခိုက်စေကြောင်းလည်း ဆိုသည်။
Ref: Bangkok Post, Khoasod







