ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ချင်းမိုင်တွင် လုပ်အားခ ဘတ် ၁၄ သိန်းကျော် အလုပ်ရှင်ကမပေး၍ မြန်မာလုပ်သားများ အခက်တွေ့

September 29, 2025

ပုံစာ - လုပ်အားခမရရှိသော မြန်မာအလုပ်သမားများ။ ဓာတ်ပုံ – WAG

ထိုင်းနိုင်ငံမြောက်မိုင်း ချင်းမိုင်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းတွင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားများသည် လုပ်အားခ ဘတ် ၁၄ သိန်းကျော် မရသဖြင့် အခက်အခဲဖြစ်နေကြကြောင်း ကူညီဖြေရှင်းပေးနေသော မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ (WAG) ထံမှ သိရသည်။

မြန်မာအလုပ်သမား ၁၈ ဦးသည် ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုအောက်တွင် အလုပ်လုပ်ကိုင်နေရင်း ပြီးခဲ့သော ၂၀၂၄ ခုနှစ် ဩဂုတ်လမှစ၍ လုပ်အားခအပြည့်မရတော့ကြောင်း အဖွဲ့ထံမှ သိရသည်။

အလုပ်ရှင်ဖြစ်သူက မြန်မာအလုပ်သမားများကို လစာငွေ အပြည့်မပေးတော့ဘဲ တစ်နှစ်ကျော်လာသည်အထိ ချေးငွေသဘောမျိုးဖြင့် ဘတ် ၅၀၀၊ ၁၀၀၀ ခန့်သာ ထုတ်ပေးနေခဲ့ကြောင်း အဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သော ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့မှစ၍ ယခုနှစ် စက်တင်ဘာလ ၃ ရက်နေ့အထိ တစ်နှစ်ကျော်စာ မြန်မာအလုပ်သမားများ၏ လုပ်အားခများကို အလုပ်ရှင်က အပြည့်အဝ ထုတ်ပေးခဲ့ခြင်းမရှိတော့ကြောင်း အဖွဲ့ထံမှ သိရသည်။

ထို့ကြောင့် တစ်နှစ်ကျော်စာ လုပ်အားခအနေဖြင့် အလုပ်သမားတစ်ဦးလျှင် ဘတ် ၈၀၀၀၀ ကျော်အထိ ရရန်ရှိနေပြီး အလုပ်သမား ၁၈ ဦးစာအတွက် လုပ်အားခ ဘတ် ၁,၄၄၀,၀၀၀ ကျော်ကို အလုပ်ရှင်က မထုတ်ပေးတော့ကြောင်း WAG အဖွဲ့ထံမှ သိရသည်။

မြန်မာအလုပ်သမားများအနေဖြင့် ယနေ့ စက်တင်ဘာလ ၂၉ ရက်နေ့အထိ လုပ်အားခ တစ်နှစ်ကျော်စာ အပြည့်အဝ မရရှိသေးသဖြင့် စားဝတ်နေရေးအပြင် အိမ်ကို ထောက်ပံ့နိုင်ရေးအတွက် များစွာ ခက်ခဲနေကြောင်း WAG အဖွဲ့က ကိုမုန်တိုင်းက ပြောသည်။

“နေဖို့က ဆိုဒ်ထဲ နေနေတယ်ဆိုပေမယ့် သူတို့ စားဝတ်နေရေးအတွက် ရှိသေးတယ်။ အခုက အချိန်က ကြာလာပြီး အိမ်ကို ထောက်ပံ့နိုင်ဖို့ နေနေသာသာ အိမ်ကတောင် ပြန်ယူသုံးနေရလို့ တော်တော်လေး အဆင်မပြေဖြစ်နေကြတယ်” ဟု ကိုမုန်တိုင်းက ဆိုသည်။

မြန်မာအလုပ်သမားများသည် အဆိုပါအလုပ်ရှင်ထံတွင် အလုပ်လုပ်နေသည်မှာ ၃ နှစ်ကျော်ရှိပြီဖြစ်ပြီး ယခုလုပ်အားခ မရရှိသဖြင့် အလုပ်သမားအချို့မှာ အလုပ်နားထားကြကြောင်း ၎င်းက ပြောသည်။

အလုပ်ရှင်ဘက်က လုပ်အားခများကို ထုတ်ပေးထားပြီးဖြစ်ကြောင်း၊ ဆောက်လုပ်ရေးဆိုဒ်များ၏ အလုပ်သမားခေါင်းဆောင်များက မြန်မာအလုပ်သမားများကို လုပ်အားခအပြည့် ထုတ်မပေးခြင်းသာဖြစ်သည်ဟု အလုပ်ရှင်က ပြန်လည်ဖြေရှင်းထားကြောင်း ကိုမုန်တိုင်းက ပြောသည်။

လက်ရှိတွင် မြန်မာအလုပ်သမားများ လုပ်အားခ မရရှိသည့် အကြောင်းအရင်းကို တိတိကျကျ မသိရသေးပဲ အလုပ်ရှင်၊ အလုပ်သမားခေါင်းဆောင်နှင့် မြန်မာအလုပ်သမားများကြား ထိုင်းအစိုးရရုံးတွင် ဆက်လက်ဖြေရှင်းရန် ကြိုးစားနေဆဲဖြစ်ကြောင်း အဖွဲ့ထံမှ သိရသည်။

မြန်မာအလုပ်သမားများအတွက် လုပ်အားခများ ဥပဒေနှင့် အညီ ပြန်လည်ရရှိရေး၊ အလုပ်သမားအခွင့်အရေးအတိုင်း အပြည့်အဝ ခံစားခွင့် ရရှိရေးအတွက် ဆက်လက်ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အဖွဲ့က ပြောသည်။