ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် မြန်မာနိုင်ငံသားများ လိုက်ပါလာသော ကားတစ်စီး တိမ်းမှောက်ခဲ့ပြီး ကားပေါ်ပါ မြန်မာနိုင်ငံသား ၂၈ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ယနေ့ စက်တင်ဘာလ ၂၉ ရက် နံနက် ၂ နာရီခန့်တွင် ထိုးဖားဖမ်းဒေသထဲသို့ မြန်မာနိုင်ငံသားများ တရားမဝင် ဝင်လာကြောင်း သတင်းရရှိသဖြင့် နယ်ခြားစောင့်တပ်က ဂိတ်ချစစ်ဆေးနေစဉ် မသင်္ကာစရာကားတစ်စီး မောင်းနှင်လာသဖြင့် ရပ်တန့်စစ်ဆေးခံရန် အချက်ပြခဲ့ဟုဆိုသည်။
ကားသည် အစစ်အဆေးမခံခဲ့ပဲ မောင်းပြေးခဲ့သဖြင့် နယ်ခြားစောင့်တပ်များက နောက်ကလိုက်လံ ဖမ်းဆီးခဲ့ကြောင်း ယင်းကားကအရှိန်တင် မောင်းပြေးသဖြင့် လမ်းမကြီးအတိုင်း မောင်းလာသော အခြားအိမ်စီးကားတစ်စီး လမ်းဘေးမြောင်းထဲ ပြုတ်ကျခဲ့သလို အခြားဆိုင်ကယ်တစ်စီးလည်း တိမ်းမှောက်သွားကြောင်း သိရသည်။
မောင်းပြေးသည့်ကားမှာလည်း ဆိုင်ကယ်ကို ဝင်တိုက်မိခဲ့ပြီး လမ်းဘေးမြောင်းထဲ ပြုတ်ကျ၍ တိမ်းမှောက်သွားခဲ့သည်။
တိမ်းမှောက်ခဲ့သော ကားထဲမှ ကားသမားသည် အမှောင်ထဲ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး ကားထဲမှ မြန်မာနိုင်ငံသား အမျိုးသား ၁၉ ဦး၊ အမျိုးသမီး ၉ ဦး စုစုပေါင်း ၂၈ ဦးကိုမူ ဖမ်းဆီးမိခဲ့သည်။
အားလုံးကို စစ်ဆေးရာ ဒဏ်ရာရရှိထားသည်ကို မတွေ့ရကြောင်း၊ မြန်မာနိုင်ငံသားများတွင် တရားဝင် စာရွက်စာတမ်းများကို မတွေ့ရသလို အားလုံးသည် ထိုင်းစကားမပြောတတ်သဖြင့် ထိုးဖားဖမ်းရဲစခန်းသို့ ခေါ်ယူစစ်ဆေးခဲ့ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။








မြန်မာနိုင်ငံသားများသည် ရန်ကုန်၊ မန္တလေးမှ လာရောက်ခဲ့ကြပြီး ဘုရားသုံးဆူလမ်းကြောင်းအတိုင်း ထိုင်းနိုင်ငံထဲသို့ တရားမဝင် ဝင်လာကြကြောင်း ဘာသာပြန်မှတစ်ဆင့် ဖြေကြားထားသည်။
အားလုံးသည် စမွတ်စခွန်၊ ချွန်ဘူရီ၊ ချာချင်စောင်ခရိုင်များတွင် အလုပ်လုပ်ကိုင်ရန်အတွက် ဝင်လာကြခြင်းဖြစ်ပြီး ခရီးစရိတ်အတွက် ဘတ် ၁၈၀၀၀ မှ ၂၀၀၀၀ အထိ ပေးရကြောင်း ဆိုသည်။
လက်ရှိတွင် မြန်မာနိုင်ငံသားများကို ထိုးဖားဖမ်းရဲစခန်းတွင် ဖမ်းဆီးထားပြီး ဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယခုစက်တင်ဘာလအတွင်း ထိုင်းနိုင်ငံထဲသို့ တရားမဝင် ဝင်ရောက်လာမှုကြောင့် မြန်မာနိုင်ငံသား ၁၀၀၀ ကျော်အထိ ဖမ်းဆီးခံထားရကြောင်း Dawei Watch တွင် စုစည်းထားသော အချက်အလက်များအရ သိရသည်။
Ref: Kanchanaburi News, Khaosod







