ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

လမိုင်းမြို့က ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရပြီး မြို့ခံတစ်ဦး ဒဏ်ရာရ

September 29, 2025

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း၊ လမိုင်းမြို့တွင် စက်တင်ဘာလ ၂၈ ရက် နံနက်ပိုင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးကာ မြို့ခံတစ်ဦးလည်း ထိခိုက်ဒဏ်ရာရကြောင်း မြို့ခံတို့ထံမှ သိရသည်။

နံနက် ၈နာရီခွဲခန့်တွင် မြို့မ (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်ဦးနှင့် ဦးသန်းဝင်းဆိုသူတို့သည် ကားဖြင့် အုပ်ချုပ်ရေးမှူး ဦးကျော်ဦး၏ နေအိမ်သို့ ပြန်လာချိန် အိမ်ရှေ့အရောက်တွင် ဆိုင်ကယ်ဖြင့် လိုက်လာသည့် သေနတ်သမားများက ပစ်ခတ်သွားခြင်းဖြစ်ကြောင်း မြို့ခံတို့ထံမှ သိရသည်။

အုပ်ချုပ်ရေးမှူး ဦးကျော်ဦးသည် ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ပြီး ၎င်းနှင့်အတူ ပါလာသည့် ဦးသန်းဝင်းလည်း ကျည်ထိမှန် ဒဏ်ရာရပြီး လမိုင်းဆေးရုံ ထိုမှတစ်ဆင့် မော်လမြိုင်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း လမိုင်းမြို့ခံတစ်ဦးက ပြောသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီးနောက် စစ်အာဏာရှင်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ ရောက်လာပြီး မြို့အနှံ့ ပိတ်ဆို့ကာ ရှာဖွေ စစ်ဆေးမှုများ လုပ်ဆောင်ကြောင်း မြို့ခံများထံမှ သိရသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်ဦးအား မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်ခတ်ခဲ့သည်ကို မသိရသေး ပေ။ အဆိုပါဖြစ်ရပ်နှင့် ပတ်သက်ပြီး ဒေသတွင်းလှုပ်ရှားနေသည့် လက်နက်ကိုင်အဖွဲ့အစည်းများလည်း တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးပေ။

စက်တင်ဘာလ ၁၄ရက်ကလည်း ရေးမြို့နယ်၊ အံဒင်းကျေးရွာအုပ်စု၊ နှီးနှူးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးရွှေအနှင့် ဓမင်ဆိပ်‌ ကျေးရွာ ရာအိမ်မှူး ဦးသောင်းစိန်တို့ နှစ်ဦးကို အမည်မသိ သေနတ်သမားတို့က နေအိမ်ထဲ ဝင်ရောက် ပစ်ခတ်သွားခဲ့ပြီး နှစ်ဦးစလုံး သေဆုံးခဲ့သည်။

စစ်အုပ်ချုပ်ရေး ကြေညာထားသည့် ရေးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များအပြင် ဌာနဆိုင်ရာဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများ၊ စစ်ကောင်စီသတင်းပေးဆိုသူများ မကြာခဏ ပစ်ခတ်ရှင်းလင်းခံရလေ့ရှိသည်။