ကပ္ပလီပင်လယ်ပြင်ရှိ နီကိုဘားကျွန်း (အိန္ဒိယဧရိယာ) အနီး၌ ယနေ့ ဇူလိုင်လ ၂၉ ရက် နံနက်တွင် အင်အားပြင်းငလျင် လှုပ်ခတ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။
နံနက် ၁ နာရီ ၁၁ မိနစ်တွင် ကမ္ဘာအေးမြေငလျင်စခန်း၏ အနောက်တောင်ဘက် ၇၁၇မိုင်ခန့်ကွာဝေးသောနေရာ၌ အနက် ၁၀ ကီလိုမီတာခန့်ကို ဗဟိုပြုလှုပ်ခတ်ပြီး အင်အားရစ်(ခ်)တာစကေး ၆ ဒသမ ၁ အဆင့်ရှိကြောင်း ဖော်ပြသည်။
ငလျင်လှုပ်ခတ်သည့်နေရာသည် ကော့သောင်းမြို့ နှင့် ရေမိုင် ၅၀၀ ခန့်အကွာတွင် တည်ရှိသည်။
ပြီးခဲ့သည့် ဇွန်လနောက်ဆုံးအပတ်နှင့် ဇူလိုင်လ ၁၄ ရက်တို့တွင်လည်း နီကိုဘားကျွန်းအနီးတစ်ဝိုက်တွင် ပြင်းအား ၄ ဒသမ ၇ နှင့် ၅ ဒသမ ၁ ရစ်ခ်တာစကေး အင်အားအသင့်အတင့်ရှိ ငလျင်ငါးကြိမ်လှုပ်ခတ်ခဲ့သေးကြောင်း မိုးဇလ၏ မှတ်တမ်းအရ သိရသည် ။
မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သည့် ငလျင်ကြီး ပြီးနောက် ဇူလိုင်လ ၂၈ ရက်အထိ နောက်ဆက်တွဲလှုပ်ခတ်နေသည့် ငလျင်အကြိမ်ရေ ၂၁၅ ကြိမ်ရှိကြောင်း မိုးဇလထံမှ သိရသည်။




