BREAKING
May 30, 2025

ထိုင်းတွင် မြန်မာလုပ်သားသေဆုံးမှု နစ်နာကြေးအတွက် အလုပ်ရှင်တာဝန်မယူဘဲ မိသားစုဝင်ကို ခြိမ်းခြောက်

May 29, 2025

ပုံစာ - ကိုဆန်းဝင်း၏ ရုပ်အလောင်းကို ဘုန်းကြီးကျောင်းတွင် ထားရှိစဉ်။ ဓာတ်ပုံ - WAG

ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေစဉ် သေဆုံးခဲ့သော မြန်မာအလုပ်သမား၏ နစ်နာကြေးနှင့်ပတ်သက်၍ အလုပ်ရှင်က တာဝန် မယူသည့်အပြင် မိသားစုဝင်ကိုပါ ရဲတပ်ဖွဲ့ခေါ်ပြီး ဖမ်းခိုင်းမည်ဟု ခြိမ်းခြောက်နေကြောင်း အမှုကိုကူညီဆောင်ရွက်ပေး နေသော မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ WAG ထံမှ သိရသည်။

မြန်မာအလုပ်သမား ကိုဝင်းဆန်းသည် ဘန်ကောက်မြို့အနီး စမွတ်ပရကန်ခရိုင် ဖပဒဲယ်ဒေသရှိ နေအိမ်ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် အလုပ်လုပ်နေစဉ် မေလ ၂၅ရက်က အိမ်ခေါင်မိုးပေါ် မှ မတော်တဆပြုတ်ကျသေဆုံးခဲ့ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။

အလုပ်ရှင်ဖြစ်သူက နစ်နာကြေးရရှိရန် တာဝန်ယူ လုပ်ဆောင်ပေးခြင်း မရှိဘဲ အလောင်းကို ချက်ချင်းသင်္ဂြိုလ်ရန် ဇနီးဖြစ်သူကို အတင်းအကျပ် လက်မှတ်ထိုးစေခဲ့ကြောင် WAG အဖွဲ့မှ တာဝန်ခံ ကိုမုန်တိုင်းက ပြောသည်။

ထို့ကြောင့် ကျန်ရစ်သူဇနီးသည်က ကိုဝင်းဆန်း သေဆုံးမှုအတွက် နစ်နာကြေးရရှိရေး ကူညီဆောင်ရွက်ပေးရန် WAG အဖွဲ့ထံ မေလ ၂၇ ရက်တွင် လာရောက်အကူအညီတောင်းခံခဲ့ကြောင်း ဆိုသည်။

မေလ ၂၈ ရက်တွင် WAG အဖွဲ့က မိသားစုဝင်များနှင့်အတူ အလုပ်ရှင်ထံ သွားရောက်ညှိနှိုင်းခဲ့ရာ နစ်နာကြေးနှင့် ပတ်သက်၍ တာဝန်မယူနိုင်ဟု အလုပ်ရှင်ဖြစ်သူက ပြောဆိုခဲ့ကြောင်း ကိုမုန်တိုင်းက ပြောဆိုသည်။

ယင်းအပြင် ကိုဝင်းဆန်း၏ဇနီးဖြစ်သူကိုလည်း ထိုင်းရဲတပ်ဖွဲ့ကို ဖမ်းဆီးခိုင်းမည်ဟုခြိမ်းခြောက်ခဲ့ကြောင်း ၎င်းက ဆိုသည်။

“နစ်နာကြေးကို တာဝန်မယူပေးဘဲ လာကူညီတဲ့အဖွဲ့တွေကိုပါ ငွေလာညှစ်နေတယ်လို့ပြောပြီး (အလုပ်ရှင်က) အမှုတောင် ပြန်ဖွင့်လိုက်သေးတယ်။ ကျွန်တော်တို့က ရှေ့နေတွေနဲ့ ပြန်လိုက်မှ အမှုကို ပြန်ပိတ်သွားတာ။ ဒါပေမဲ့ ဒီအမှုက ရှေ့ဆက်ပြီးတော့ ရင်ဆိုင်ရဖို့ ရှိသေးတယ်” ဟု ကိုမုန်တိုင်းက ပြောသည်။

ကိုဝင်းဆန်းသည် MoU စနစ်ဖြင့် တရားဝင် လာရောက်လုပ်ကိုင်သည့် အလုပ်သမားဖြစ်ပြီး သေဆုံးချိန်တွင် အလုပ်လုပ်ခွင့်လက်မှတ် သက်တမ်းကုန်ဆုံးနေကြောင်း WAG အဖွဲ့ထံမှ သိရသည်။

ဇနီးဖြစ်သူတွင်လည်း တရားဝင် စာရွက်စာတမ်း မရှိသေးသဖြင့် အလုပ်ရှင်ဖြစ်သူက ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ပြောဆိုမှုကို ခံနေရခြင်းဖြစ်ကြောင်း ကိုမုန်တိုင်းက ပြောဆိုသည်။

ကိုဝင်းဆန်းသေဆုံးမှုနှင့်ပတ်သက်၍ သေမှုသေခင်း ဖွင့်ရာတွင်လည်း ဇနီးဖြစ်သူ၏ ထွက်ဆိုချက်မပါဘဲ အလုပ်ရှင်နှင့် စကားပြန်ဖြစ်သူများ၏ ထွက်ဆိုချက်များကို အတည်ယူပြီး ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ၎င်းက ဆိုသည်။

“သေဆုံးတဲ့အချိန် အမှုဖွင့်ထားတဲ့ စာရွက်တွေက ပြောင်းပြန်တွေဖြစ်နေတယ်။ သူ့ဘာသာ ခြေချော်ကျလို့ ဖြစ်တာပါ။ နောက်ပြီး အမြင့်ဆိုတာပဲပါတယ်၊ အိမ်တိုက်ဆိုတာ မပါဘူး။ အဲဒီလိုအမှုဖွင့်ထားတာ” ဟု ကိုမုန်တိုင်းက ပြောသည်။

ထို့ကြောင့် ကိုဝင်းဆန်းသေဆုံးမှုအတွက် နစ်နာကြေးရရှိရန် ထိုင်းအလုပ်သမားအဖွဲ့အစည်းများ၊ ရှေ့နေများနှင့် ပူးပေါင်း၍ အမှုကို ပြန်လည်တည်ဆောက်ရမည်ဖြစ်ကြောင်း ကိုမုန်တိုင်းက ပြောသည်။

ထိုင်းနိုင်ငံ၏ ပကန်စံခွန် (လူမှုဖူလုံရေး ရန်ပုံငွေ) အရ လုပ်ငန်းခွင်ထဲ အလုပ်သမားတစ်ဦး သေဆုံးပါက နစ်နာကြေး ဘတ် ၇ သိန်းကျော်အထိ ရရှိနိုင်ကြောင်း ၎င်းက ပြောဆိုသည်။

အကယ်၍ အလုပ်သမားသည် စာရွက်စာတမ်းမရှိပါက နစ်နာကြေးအတွက် အလုပ်ရှင်က လူမှုဖူလုံရေးရုံးနှင့်အတူ ညှိနှိုင်းဆောင်ရွက်၍ တာဝန်ယူပေးရမည်ဖြစ်ကြောင်း ကိုမုန်တိုင်းက ဆက်လက်ပြောဆိုသည်။

ထို့ကြောင့် ထိုင်းရောက် မြန်မာအလုပ်သမားများသည် လုပ်ငန်းခွင်ထဲ မတော်တဆမှုကြောင့် သေဆုံးခဲ့ပါက အလောင်းကို ချက်ချင်း သင်္ဂြိုလ်ခြင်း မလုပ်ကြရန်၊ မြန်မာအလုပ်သမားအဖွဲ့များထံ ကူညီတောင်းခံပြီးမှ သင်္ဂြိုလ်ခြင်းကိစ္စဆောင်ရွက်ပြီး နစ်နာကြေးကိစ္စရရှိအောင် ဆက်လက်ဆောင်ရွက်ကြရန် WAG အဖွဲ့က တိုက်တွန်းထားသည်။