မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သာသနာနွယ်ဖောင်ဒေးရှင်း ဆရာတော် အရှင်စန္ဒာဇောတိကို နိုဝင်ဘာလ ၂၇ ရက်နေ့ ညနေတွင် စစ်အာဏာရှင်တပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မြို့ခံများထံမှ သိရသည်။
ယမန်နေ့ ညနေ ၃ နာရီခွဲခန့်က စစ်အာဏာရှင်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဆရာတော် သီတင်းသုံးရာ ဇေတဝန်ကျောင်းတိုက်တွင် လာရောက် ဖမ်းဆီးသွားကြောင်း မြို့ခံများက ပြောသည်။
ဆရာတော်နှင့်အတူ တပည့် နှစ်ယောက်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ၎င်းတို့က ဆိုသည်။
လက်ရှိတွင် ဆရာတော်ကို မော်လမြိုင် မုပွန်နယ်မြေရဲစခန်းတွင် ထိန်းသိမ်းစစ်ဆေးနေသည်ဟု ကြားသိရသော်လည်း အသေးစိတ်ကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း ကျောင်းတိုက်နှင့် နီးစပ်သည့် မြို့ခံတစ်ဦးက ပြောသည်။
“ဘာကြောင့် ဖမ်းသွားတာလဲတော့ မသိသေးဘူး” ဟု ၎င်းက ပြောဆိုသည်။
ဆရာတော်ကို ဖမ်းဆီးသွားပြီးနောက် ဆရာတော်ကျောင်းရှိ ကားများ၊ ဆရာတော် အသုံးပြုနေသည့် ဖုန်း၊ ကွန်ပျူတာများလည်း စစ်အာဏာရှင်အဖွဲ့က သိမ်းဆည်းသွားကြောင်း မြို့ခံများထံမှ သိရသည်။
သီတင်းသုံးရာကျောင်းတိုက်အနီး တောင်ဝိုင်းတောင်ကို ကုမ္ပဏီများက ဖြိုပြီး မြေတူးနေသည့်ကိစ္စကို လူမှုကွန်ရက်စာမျက်နှာပေါ် ပြီးခဲ့သည့်ရက်ပိုင်းက ရေးသားခဲ့သဖြင့် ဆရာတော် ဖမ်းဆီးခံရခြင်းဖြစ်နိုင်ကြောင်း မြို့ခံအချိုက ဆိုသည်။
“ဆရာတော်ကို ဖမ်းတဲ့ကိစ္စမှာ သိသိသာသာပေါ့၊ ဒီရက်ပိုင်း ဆရာတော်က တောင်ဝိုင်းတောင်ဖြိုနေတဲ့ကိစ္စကို facebook မှာ ပို့စ်တင်ပြီးတော့ ဝေဖန်ခဲ့တာရှိတယ်။ ဒီကိစ္စကြောင့် အဖမ်းခံရတယ်လို့ အားလုံးက ဒီလိုပဲ ယူဆနေကြတယ်။ တခြားအကြောင်းအရာ ဘာများရှိမလဲတော့ မပြောတတ်ဘူး” ဟု မော်လမြိုင်မြို့ခံ အခြားတစ်ဦးက ပြောသည်။
ဆရာတော် ဖမ်းဆီးခံရသည့် အကြောင်းအရင်းကို Dawei Watch အနေဖြင့် ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။
ဆရာတော် အရှင်စန္ဒာဇောတိသည် တောင်ဝိုင်းအနီးတဝိုက် သာယာလှပရေးဆောင်ရွက်နေသည့်အပြင် ပရဟိတ အလုပ်ကိုလည်း ထဲထဲဝင်ဝင် လုပ်ဆောင်နေသည့် ဆရာတော်တပါး ဖြစ်သည်။







