BREAKING
November 28, 2025

ပလောက်မြို့ ဝန်းကျင်တွင် ငလျင်လှုပ်

November 28, 2025

ပုလောမြို့နယ်၊ ပလောက်မြို့ဝန်းကျင်တွင် ယမန်နေ့ နိုဝင်ဘာလ ၂၇ ရက်ည ၁၁ နာရီဝန်းကျင်တွင် ငလျင်လှုပ်ခတ်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

” အိမ်တွေတုန်သွားတာလောက်ပဲ။ သုံးလပိုင်း(မတ်လ ၂၈ ရက် စစ်ကိုင်း ငလျင်) တုန်းကတော့ ဒီထက်နည်းနည်းကြမ်းတယ်။ အဲတုန်းက လူကြီးတွေဆိုခေါင်းမူးတယ်။ အခုတစ်ခါက ခေါင်းမမူးကြဘူး ” ဟု ပုလောမြို့နယ် ကျောက်လုံးကြီးကျေးရွာအုပ်စုမှ ဒေသခံတစ်ဦး ကပြောသည် ။

ပလောက်မြို့ ၊ ပြင်ဘုကြီးကျေးရွာအုပ်စု နှင့် ကျောက်လုံးကြီးကျေးရွာအုပ်စုတို့ရှိ ကျေးရွာအချို့က ငလျင်လှုပ်ခတ်သွားသည်ကို သတိထားမိလိုက်ကြကြောင်း ဒေသခံများထံ ဆက်သွယ်မေးမြန်းချက်အရ သိရသည် ။

အထက်ပါနေရာများသည် ဒီရေတောထိန်းသိမ်းဧရိယာ ကြိုးပြင်ကာကွယ်တော သတ်မှတ်ထားသည့် နေရာအချို့ပါဝင်ပြီး ပင်လယ်ထွက်ပေါက်ရှိသည့် ကမ်းရိုးတန်းဒေသများဖြစ်ကြသည်။

နိုဝင်ဘာလ ၂၇ ရက်ညက ငလျင်လှုပ်ခတ်ခြင်း နှင့်ပတ်သက်၍ တနင်္သာရီတိုင်း အတွင်းရှိ အခြားမြို့နယ်များတွင် ကြုံတွေ့ရမှုရှိမရှိကိုမူ အတည်မပြုနိုင်ပေ။

စစ်ကော်မရှင် လက်အောက်ရှိ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ကမူ နိုဝင်ဘာလ ၂၇ ရက် ည ၁၁ နာရီဝန်းကျင်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ မိုင် ၉၀၀ ကျော်အကွာ အင်ဒိုနီးရှားနိုင်ငံ မြောက်စူမတြားကျွန်းအနီး ပင်လယ်ပြင်တွင် အနက် (၃၉) ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာ စကေး ၆ ဒသမ ၃ အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိသည်ဟု ဖော်ပြထားသည်။