BREAKING
October 28, 2025

မဲဆောက်တွင် အိမ်သာထဲ မြန်မာအမျိုးသမီးကို အဓမ္မပြုကျင့်ရန်ကြိုးပမ်းပြီး ဓားဖြင့်တိုက်ခိုက်သူကို ဖမ်းမိ

October 28, 2025

ပုံစာ - အခင်းဖြစ်စဉ်ကို ယနေ့ ပြန်လည်သရုပ်ပြစဉ်

ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင် မဲဆောက်မြို့တွင် အိမ်သာအတွင်း မြန်မာအမျိုးသမီးကို အဓမ္မပြုကျင့်ရန်ကြိုးပမ်းပြီး လည်ပင်းအား ဓားဖြင့် တိုက်ခိုက်ခဲ့သူကို ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

အောက်တိုဘာလ ၂၇ ရက် နံနက်ပိုင်းက မဲဆောက်မြို့ ခရိုင်အုပ်ချုပ်ရေးရုံးအနီးရှိ အိမ်သာထဲတွင် မြန်မာအမျိုးသမီးတစ်ဦးကို အမျိုးသားတစ်ဦးက ဓားဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ခိုက်ခံရသူသည် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦးဖြစ်ပြီး လည်ပင်းတွင် သွေးအလွန်အကျွံ ထွက်နေ သည်ကို တွေ့ရသဖြင့် ကယ်ဆယ်ရေးအဖွဲ့များက မဲဆောက်ဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြသည်။

မြန်မာအမျိုးသမီး၏ အခြေအနေသည် စိုးရိမ်ရပြီး လက်ရှိအချိန်တွင် သွေးလှူဒါန်းမှု လိုအပ်နေကြောင်း သတင်းများတွင် ဖော်ပြသည်။

အခင်းဖြစ်ပြီးနောက် ဓားဖြင့် တိုက်ခိုက်သူသည် ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်ကို CCTV မှတ်တမ်းများအရ သိရသည်။

ယင်းနေ့ ည ၁၁ နာရီခွဲတွင် အဆိုပါ အမျိုးသားကို ဆီဆိုင်ရှိ ATM ငွေထုတ်စက်အနီးတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိသည်။

ဓားဖြင့် တိုက်ခိုက်ခဲ့သူသည် အသက် ၂၈ နှစ်အရွယ် ထိုင်းနိုင်ငံသားဖြစ်ပြီး ယခင်က အဓမ္မပြုကျင့်မှုများဖြင့် ဖမ်းဆီးခံရဖူးသူဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။

မြန်မာအမျိုးသမီးကို အဓမ္မပြုကျင့်ရန် ကြိုးစားရာ ပြန်လည်ခုခံခဲ့သဖြင့် ဓားဖြင့် တိုက်ခိုက်ပြီး ထွက်ပြေးခဲ့ခြင်း ဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က ကောက်ချက်ချထားသည်။

လက်ရှိတွင် ဓါးဖြင့် တိုက်ခိုက်ခဲ့သူကို မဲဆောက်ရဲစခန်းသို့ ပို့ဆောင်ထားပြီး လူသတ်ရန် ကြိုးပမ်းမှု၊ အများပြည်သူနေရာများတွင် လက်နက်ကိုင်ဆောင်မှုများဖြင့် အမှုဖွင့်ထားကြောင်း သတင်းများတွင် ဖော်ပြသည်။

Ref: Workpoint 23, CH 7, One 31, MGR Onlin