ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ ရေးမြို့နယ်၊ နှင်းစုံရွာ တံတားစစ်ဆေးရေးဂိတ် အောက်တိုဘာလ ၂၇ ရက် နံနက်ပိုင်းက ရေးဘီလူးအဖွဲ့ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ယင်းတပ်ဖွဲ့ထံမှသိရသည်။
အဆိုပါဂိတ်မှာ စစ်အာဏာရှင်တပ်လက်အောက်ခံ DKBA (Democratic Karen Buddhist Army) တပ်ဖွဲ့ သုံးဆယ်ဝန်းကျင်ခန့် နေရာယူထားသည့်ဂိတ်ဖြစ်ကြောင်း ဒေသခံများနှင့် ရေးဘီလူးတပ်ဖွဲ့ တို့ကဆိုသည်။
အလစ်အငိုက် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်နိုင်သဖြင့် နှင်းစုံဂိတ်တွင် DKBA တပ်ဖွဲ့ဝင်လေးဦး ခန့်သေဆုံးပြီး ဂိတ်သို့အလည်လာသည့် အမျိုးသမီးတစ်ဦးလည်း သေဆုံးကြောင်း ရေးဘီလူးတပ်ဖွဲ့ တာဝန်ရှိသူ ကပြောသည်။
” သေဆုံးသူတွေအပြင် ဒဏ်ရာအပြင်းအထန်ရသူတွေလည်းရှိတယ်။ တိုက်ခိုက်ခံရပြီးနောက်ပိုင်းမှာတော့ စကစ ဘက်ကနေ လက်နက်ကြီးပစ်တယ်။ ရေးအခြေစိုက် ခလရ ၁၀၆ ကနေပစ်နေတာမျိုးရှိတယ် ” ဟု ၎င်းကပြောဆိုသည် ။
တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးမှု အခြေအနေနှင့်ပတ်သက်၍ သီးခြားအတည်မပြုနိုင်သေးပေ ။
တိုက်ခိုက်ခံရပြီးနောက် နှင်းစုံဂိတ်တွင် DKBA အပြင် စစ်အာဏာရှင်တပ်သားများက အင်အား၄၀ခန့် ထပ်မံအင်အားဖြည့်ထားကြောင်း ရေးဘီလူး တပ်ဖွဲ့တာဝန်ရှိသူကပြောသည် ။
နှင်းစုံဂိတ်သည် ရန်ကုန်-ထားဝယ်ကားလမ်း ပေါ်တွင် တည်ရှိပြီး လမ်းသွားလမ်းလာများကို မှတ်ပုံတင်စစ်ကာ ငွေကောက်သည့် ဂိတ်တစ်ခုဖြစ်ကြောင်း ရန်ကုန်-ထားဝယ် ခရီးသည်တင်ယာဥ်မောင်းများထံမှသိရသည် ။
” အဲဒီဂိတ်က မှတ်ပုံတင် စစ်တယ် ။ ၆ မျဥ်းစောင်း (တနင်္သာရီ မှတ်ပုံတင်) ဆိုရင် တစ်ယောက် သုံးထောင်(ကျပ်)ပေးရတယ် ။ အခြားမှတ်ပုံတင်ဆိုရင် စျေးက ငါးထောင် ကနေ တစ်သောင်းကြားပေးရတယ် ” ဟု ခရီးသည်တင်ယာဥ်မောင်းတစ်ဦးကပြောသည် ။
ယခုရက်သတ္တပတ်အတွင်း ရန်ကုန်-ထားဝယ်ကားလမ်းမပိုင်းရှိ မွန်ပြည်နယ်မှ ကားလမ်း နေရာအချို့တွင် နှစ်ဖက်ထိတွေ့ပစ်ခတ်မှုများရှိသော်လည်း ယနေ့ အောက်တိုဘာလ ၂၈ ရက်အထိ လမ်းပိုင်း၌ ပုံမှန်သွားလာ၍ရဆဲဖြစ်ကြောင်း ဒေသခံများနှင့် ခရီးသွားများထံမှသိရသည် ။







