BREAKING
October 18, 2025

မုန်တိုင်းတိုက်ပြီး ရေကြီးမြေပြိုမှုကြောင့် ထိုင်းတွင် သေဆုံးသူ ငါးဦးရှိလာ၊ ၁၀ ဦးထက်မနည်း ပျောက်ဆုံး

August 28, 2025

ပုံစာ - မယ်ဟောင်ဆောင်ခရိုင်တွင် ရေကြီးမြေပြိုမှုကြောင့် လမ်းများ ပျက်စီးနေစဉ်။

ကဂျီကီ မုန်တိုင်းတိုက်ခတ်ပြီးနောက် ထိုင်းနိုင်ငံမြောက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေကြီးမြေပြိုမှုများကြောင့် ယနေ့ နံနက်ပိုင်းအထိ သေဆုံးသူ ငါးဦးရှိလာခဲ့ပြီး ပျောက်ဆုံးနေသူများ ဆက်ရှိနေဆဲဖြစ်ကြောင်း ထိုင်းနှင့် နိုင်ငံတကာ သတင်းဌာနများတွင် ဖော်ပြချက်အရ သိရသည်။

မုန်တိုင်းကြောင့် ထိုင်းမြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းခရိုင်များဖြစ်သော ချင်းမိုင်၊ ချင်းရိုင်၊ မယ်ဟောင်ဆောင် ခရိုင်များ အပါအဝင် ခရိုင် ၁၂ ခုအထိ ရေကြီးမှု၊ မြေပြိုမှုများကို ပြင်းထန်စွာခံစားခဲ့ရပြီး လမ်း၊ တံတားများလည်း ပျက်စီးခဲ့ကြောင်း အာဏာပိုင်များက ပြောသည်။

ရေကြီးမြေပြိုမှုများကြောင့် အိမ်ပေါင်း ၁၈၀၀ ခန့် ပျက်စီးခဲ့ပြီး လူပေါင်း ၆၃၀၀ ကျော် ထိခိုက်ခံစားခဲ့ရကြောင်း ထိုင်းဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဌာန (DDPM) က ထုတ်ပြန်သည်။

ချင်းမိုင်တွင် မြေပြိုမှုကြောင့် လူ လေးဦးသေဆုံးခဲ့ပြီး မယ်ဟောင်ဆောင်တွင် တစ်ဦး ရေနှင့်အတူ မျောပါသေဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးက ပြောသည်။

ချင်းမိုင်တွင် မြေပြိုမှုကြောင့် ပျောက်ဆုံးနေသူ ငါးဦးနှင့် ရေနှင့်အတူမျောပါသွားသူ နှစ်ဦးကို ဆက်လက်ရှာဖွေနေဆဲဖြစ်ပြီး လူ ၁၅ ဦး ထိခိုက်ဒဏ်ရာရကြောင်း သိရသည်။

မယ်ဟောင်ဆောင်ခရိုင်တွင်လည်း ရေလွှမ်မိုးမှုကြောင့် လမ်းနှင့် တံတားများ ပျက်စီးခဲ့ရသလို လူ နှစ်ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဖော်ပြသည်။

ယနေ့ ဩဂုတ်လ ၂၈ ရက်အထိ ခရိုင် ရှစ်ခုတွင် ရေကြီးနေဆဲဖြစ်ပြီး လူပေါင်း ၆၀၀၀ ကျော်ကို ဘေးလွတ်ရာ ပြောင်းရွှေ့ထားကြောင်း ပြည်ထဲရေးဝန်ကြီးက ဆိုသည်။

ကဂျီကီမုန်တိုင်းသည် ဩဂုတ်လ ၂၅ ရက်က ဗီယက်နမ်နိုင်ငံသို့ ဝင်ရောက်တိုက်ခတ်ခဲ့ပြီး ဗီယက်နမ်နိုင်ငံအတွင်း လူ ခုနစ်ဦး သေဆုံးခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

Ref: REUTERS, Thai Enquirer