မွန်ပြည်နယ်၏ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်ရာခိုင်နှုန်း ကျသော်လည်း မြန်မာတစ်နိုင်ငံလုံးတွင် အောင်းချက်အများဆုံးဖြင့် ပထမရရှိသည်ဟု ပြည်နယ် ပညာရေးမှူးရုံးထံမှ သိရသည်။
ဇူလိုင်လ ၂၇ ရက်နေ့ ပြည်နယ်နှင့် တိုင်းဒေသအလိုက် တက္ကသိုလ်ဝင်တန်း အောင်စာရင်များ ထုတ်ပြန်ချက်အရ မွန်ပြည်နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ၈၉၇၂ ဦးရှိသည့်အနက် ၅၁၂၈ ဦး အောင်မြင်ပြီး အောင်ချက် ၅၇ ဒသမ ၁၆ ရာခိုင်နှုန်းဖြင့် တစ်နိုင်ငံလုံးတွင် အောင်ချက်အမြင့်မားဆုံးဖြစ်ကြောင်း ပြည်နယ် ပညာရေးမှူးဌာန၏ ထုတ်ပြန်ချက်စာရင်းအရ သိရသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်က မွန်ပြည်နယ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်ရာခိုင်နှုန်း ၅၉ ဒသမ ၀၈ ရာခိုင်နှုန်းရှိခဲ့သည်။
“ဒီနှစ် မွန်ပြည်နယ်ရဲ့ အောက်ချက်က မနှစ်ကနဲ့စာရင် အောင်ချက်ရာခိုင်နှုန်းကကျတယ်။ ဒီနှစ်က ၅၇ ဒသမ ၁၆ ရာခိုင်နှုန်းရှိတယ်။ ဒါပေမဲ့ တစ်နိုင်ငံလုံးမှာတော့ ပထမ ရတယ်” ဟု မွန်ပြည်နယ် ပညာရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။
တက္ကသိုလ်ဝင်တန်း အောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူ ၅၁၂၈ ဦးတွင် မော်လမြိုင်မြို့နယ်မှ ၁၆၃၁၊ မုဒုံမြို့နယ်မှ ၇၈၀၊ သံဖြူဇရပ်မြို့နယ်မှ ၆၁၅၊ သထုံမြို့နယ်မှ ၄၃၉၊ ပေါင်မြို့နယ်မှ ၃၉၇၊ ချောင်းဆုံမြို့နယ်မှ ၃၄၈၊ ကျိုက်ထိုမြို့နယ်မှ ၃၀၁ ဦး၊ ဘီးလင်းမြို့နယ်မှ ၂၆၀၊ ရေးမြို့နယ်မှ ၁၉၀ နှင့် ကျိုက်မရောမြို့နယ်မှ ၁၆၇ ဦး ပါဝင်သည်။
အောင်မြင်သူများထဲတွင် ၆ ဘာသာဂုဏ်ထူးရှင် ၁၃ ဦး၊ ၅ ဘာသာဂုဏ်ထူးရှင် ၃၉ ဦး၊ ၄ ဘာသာဂုဏ်ထူးရှင် ၉၇ ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် ၁၆၀ ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် ၂၆၆ ဦးနှင့် ၁ ဘာသာဂုဏ်ထူးရှင် ၉၈၈ ဦးသည်ဟု ပြည်နယ်ပညာရေးမှူးရုံး၏ စာရင်းများအရ သိရသည်။
ပုံမှန်ပညာသင်နှစ်များတွင် မွန်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူ အရေအတွက် ၃၀၀၀၀ ကျော်အထိ ရှိခဲ့သော်လည်း စစ်တပ်အာဏာသိမ်းပြီးနောက် ကျင်းပသည့် တက္ကသိုလ်ဝင်တန်းစာမေပွဲများတွင် ဖြေဆိုသူ တစ်သောင်းပင် မပြည့်တော့ပေ။