ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တာချီလိတ်-မယ်ဆိုင်ဂိတ်က ဝင်လာသည့် မြန်မာ ၂၅ ဦး ဖမ်းဆီးခံရပြီး နေရပ်ပြန်ပို့ခံရ

December 27, 2025

ထိုင်း-မြန်မာချစ်ကြည်ရေး အမှတ် ၂ တံတား တာချီလိတ်-မယ်ဆိုင်ဂိတ်မှ ဝင်လာပြီး ထိုင်းနိုင်ငံထဲ အလုပ်လုပ်ကိုင်ရန် စီစဉ်ထားသည့် မြန်မာနိုင်ငံသား ၂၅ ဦးကို ထိုင်းလဝကအဖွဲ့က ဖမ်းဆီးပြီး နေရပ်ပြန်ပို့လိုက်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ဒီဇင်ဘာလ ၂၆ ရက်နေ့ ညနေ ၆ နာရီခန့်က တာချီလိတ်-မယ်ဆိုင် နယ်စပ်ဂိတ်မှတစ်ဆင့် မယ်ဆိုင်မြို့ထဲ ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၂၅ ဦးကို ထိုင်းလဝကရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဒီဇင်ဘာလ ၂၆ ရက်နေ့သည် အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ဘတ်) လုပ်ငန်းစဉ်အတွက် မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများ အမည်စာရင်း နောက်ဆုံးတင်သွင်းရမည့်ရက်လည်း ဖြစ်သည်။

နိုင်ငံခြားသားများ နယ်စပ်ဂိတ်မှတစ်ဆင့် ဝင်ရောက်လာပြီး ဘန်ကောက်နှင့် အခြားခရိုင်များသို့ တရားမဝင် လမ်းကြောင်းဖြင့် သွားရောက်ရန် စီစဉ်နေသည်ဟု ချင်းရိုင်ခရိုင် လဝက က သတင်းရရှိသဖြင့် ဖမ်းဆီးခဲ့ခြင်းဟုဆိုသည်။

မြန်မာနိုင်ငံသား သုံးဦးသည် ကားတစ်စီးဖြင့် အိမ်လိုက်ရှာနေပြီး နယ်စပ်ဂိတ်မှ ဝင်လာသော မြန်မာနိုင်ငံသား ၂၅ ဦးစလုံးကို မယ်ဆိုင်မြို့ထဲရှိ အိမ်တစ်ဆောင်ထဲ ထားရှိထားသည်ဟု သတင်းရရှိသဖြင့် ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းတွင်ဖော်ပြသည်။

သွားရောက်စစ်ဆေးစဉ် အိမ်ထဲတွင် မြန်မာနိုင်ငံသား အမျိုးသာ ၁၄ ဦး၊ အမျိုးသမီး ၁၁ ဦး စုစုပေါင်း ၂၅ ဦးကို တွေ့ရပြီး အားလုံးသည် တာချီလိတ်-မယ်ဆိုင် နယ်စပ်ဂိတ်မှတစ်ဆင့် ဝင်ရောက်လာသူများဖြစ်ကြောင်း သိခဲ့ရဟုဆိုသည်။

၎င်းတို့အနက် အချို့သည် ချင်းမိုင်သို့ သွားရန် စီစဉ်ထားပြီး အချို့သည် ဘန်ကောက်သို့ သွားရောက်ရန် ရည်ရွယ်ထားကာ အခြားနေရာသို့ မသွားမီ ယခုအိမ်တွင် ယာယီနေထိုင်နေစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံသားများ၏ ဖြေကြားချက်ကို ဖော်ပြသည်။

ခရီးစရိတ်အနေဖြင့် ချင်းမိုင်အတွက် ဘတ် ၅၀၀၀ နှင့် ဘန်ကောက်အတွက် ဘတ် ၁၅၀၀၀ ကုန်ကျမည်ဖြစ်ကြောင်း ဖြေကြားချက်ကို ဖော်ပြသည်။

ထို့ကြောင့် မြန်မာနိုင်ငံသားများကို အခြားခရိုင်များသို့ မှောင်ခိုပို့ရန် စီစဉ်ထားသည့် ကားသမား သုံးဦးနှင့်အတူ မြန်မာနိုင်ငံသား ၂၅ ဦးကို ဖမ်းဆီးခဲ့သည်။

ယနေ့ ဒီဇင်ဘာလ ၂၇ ရက် နံနက်ပိုင်းတွင် ဖမ်းဆီးထားသော မြန်မာနိုင်ငံသား ၂၅ ဦးကို တာချီလိတ်-မယ်ဆိုင် နယ်စပ်ဂိတ်မှတစ်ဆင့် လဝကအဖွဲ့က နေရပ်ပြန်ပို့ခဲ့ဟုဆိုသည်။

နောက်ထပ် လူမှောင်ခိုပို့ရန် စီစဉ်ခဲ့သော မြန်မာနိုင်ငံသား သုံးဦးကို ဥပဒေအရ ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း ပြောဆိုထားသည်။

ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့ထဲသို့ တရားဝင်ဖြစ်စေ တရားမဝင် ဖြစ်စေ ဝင်ရောက်လာပြီး အခြားခရိုင်များသို့ တရားမဝင် လမ်းကြောင်းမှတစ်ဆင့် မှောင်ခိုသွားရောက်ရန် စီစဉ်ထားပါက လဝကအဖွဲ့က ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်း သတိပေးချက် ထုတ်ပြန်ထားသည်။

လက်ရှိတွင် မယ်ဆိုင်မြို့ထဲ အိမ်ငှားပြီး အခြားခရိုင်များသို့ လူမှောင်ခိုပို့ဆောင်မှု မကြာခဏ လုပ်ဆောင်လာကြသဖြင့် ပြည်သူများအနေဖြင့် အိမ်ငှားများနှင့် ပတ်သက်၍ မသင်္ကာဖြစ်ပါက သက်ဆိုင်ရာ ဌာနများသို့ တိုင်ကြားနိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ထားသည်။

Ref: Maesai News, AEC TV