BREAKING
November 27, 2025

သထုံနှင့် ကျိုက်မရောထောင်က နိုင်ငံရေးအကျဉ်းသား ၁၁ ဦး လွတ်မြောက်

November 27, 2025

ဓာတ်ပုံ - အကျဉ်းဦးစီး

မွန်ပြည်နယ်အတွင်းရှိ သထုံနှင့် ကျိုက်မရောအကျဉ်းထောင်တို့မှ ယနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ၁၁ ဦး လွတ်မြောက်လာကြောင်း အကျဉ်းထောင်နှင့် နိုင်ငံရေးအကျဉ်းသားများ အကူအညီပေးနေသူများထံမှ သိရသည်။

လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသား ၁၁ ဦးတွင် ကျိုက်မရောအကျဉ်းထောင်မှ အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၂ ဦး၊ သထုံအကျဉ်းထောင်မှ အမျိုးသား ၅ ဦး ဖြစ်သည်။

“လက်ရှိ သိထားသလောက်ကတော့ မွန်မှာက ကျိုက်မရောနဲ့ သထုံအကျဉ်းထောင်က ၁၁ ဦး လွတ်လာတယ်။ မော်လမြိုင်ထောင်က လွတ်လာတာ မရှိသေးဘူး။ ထပ်လွတ်လာတာ ရှိသေးလာတော့ စာရင်းအတိအကျ မရသေးဘူး” ဟု နိုင်ငံရေးအကျဉ်းသားများကို အကူအညီပေးနေသူတစ်ဦးက ပြောသည်။

စစ်ကော်မရှင်က ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသူ ၃၀၀၀ ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကြောင်း ယမန်နေ့ နိုဝင်ဘာလ ၂၆ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

၎င်းပြင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံထားရသူ ၅၅၈၀ ဦးကိုလည်း အမှုပိတ်သိမ်းခဲ့ကြောင်း စစ်ကော်မရှင်က ထုတ်ပြန်ကြေညာထားသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)၏ ကနဦးစာရင်းများအရ နိုင်ငံရေးအကျဉ်းသား ၁၇၃ ဦး လွတ်မြောက်လာမှုအား အတည်ပြုထားပြီး အချို့အကျဉ်းထောင်မှ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသား အရေအတွက်နှင့် ကျား၊ မ စိစစ်ဆဲ နိုင်ငံရေးအကျဉ်းသား ၃၅၀ ဦးရှိသည်ဟု ထုတ်ပြန်ထားသည်။

ယခုအချက်အလက်သည် PPNM လက်လှမ်းမီသမျှနှင့် အတည်ပြုမှု အချက်အလက်ပေါ်တွင်သာ ကနဦး ထုတ်ပြန်ခြင်းဖြစ်ပြီး ထပ်တိုးအရေအတွက် ရှိ မရှိနှင့် အသေးစိတ်အချက်အလက်များကိုမှု ထပ်မံထုတ်ပြန်သွားမည်ဟု ဆိုသည်။