မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်စံပြကျေးရွာက ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦး ပစ်ခတ်ခံရပြီးသေဆုံးကြောင်း ဒေသခံများက ပြောသည်။
အစင်စံပြကျေးရွာက အသက် ၅၀နှစ်အရွယ် ပြည်သူ့စစ်အဖွဲ့ဝင် ဦးမောင်ဖဲဆိုသူသည် နိုဝင်ဘာလ ၂၆ရက်နေ့ ည ၇နာရီ ဝန်းကျင်က အစင်ကျေးရွာဘက်မှ ဇီးဖြူသောင်ကျေးရွာဘက်သို့ ဆိုင်ကယ်ဖြင့်သွားစဉ် ပစ်ခတ်ခံရကြောင်း ၎င်းတို့က ဆိုသည်။
ဦးမောင်ဖဲသည် ဦးခေါင်း၊ ရင်ဘတ်တို့တွင် ကျည်ဖောက်ဝင် ဒဏ်ရာများဖြင့် အခင်းဖြစ်ရာ နေရာတွင် သေဆုံးကြောင်း ဒေသခံများက ပြောဆိုသည်။
“ဆိုင်ကယ်နဲ့ သွားတဲ့အချိန်မှာ သေနတ်သမားတွေက အနောက်ကနေ ဆိုင်ကယ်နဲ့လိုက်လာပြီး ပစ်လိုက်တာ။ ပစ်ခတ်ခံရတဲ့ နေရာမှာပဲ သေဆုံးသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ဦးမောင်ဖဲ ပစ်သတ်ခံရပြီးနောက် အစင်ကျေးရွာသို့ စစ်အာဏာရှင်တပ်ဖွဲ့ဝင်များ ရောက်လာပြီး ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ပြည်သူ့စစ်အဖွဲ့ဝင် ဦးမောင်ဖဲကို ၎င်းတို့အဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ရေးပြောက်ကျားတပ်ရင်း YGF က ထုတ်ပြန် ထားသည်။
ဦးမောင်ဖဲသည် စစ်အာဏာရှင်တပ် ပေါ်တာဆွဲသည့်လုပ်ငန်းစဉ်တွင် ထဲထဲဝင်ဝင် လုပ်ဆောင်ပေးခြင်း၊ ပြည်သူများအပေါ် ရိုင်းစိုင်းစွာ ဆက်ဆံခြင်း၊ ကျေးရွာအတွင်း ဆိုင်ကယ်များ ခိုးယူခြင်း၊ လုယက်ခြင်းများကို လုပ်ဆောင်ပေးနေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
၎င်းထံမှ သိမ်းဆည်းရမိသည့်ပစ္စည်းများတွင် လက်ထိပ်တစ်ခုပါဝင်ကြောင်း YGF က ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၃၀ရက်ကလည်း ရော်ဘာခြံမှ နေအိမ်သို့ ပြန်လာသည့် အနင်းကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။
အလားတူ စက်တင်ဘာလ ၁၄ရက်ညက အံဒင်းကျေးရွာအုပ်စု၊ နှီးနှူးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးရွှေအနှင့် ဓမင်ဆိပ် ကျေးရွာရာအိမ်မှူး ဦးသောင်းစိန်တို့ကို အမည်မသိ သေနတ်သမားတို့က နေအိမ်တွင်ဝင်ရောက် ပစ်ခတ်သဖြင့် သေဆုံးခဲ့ သည်။







