BREAKING
October 27, 2025

ထိုင်း-မြန်မာနယ်စပ်တွင် တရားမဝင် ဝင်လာသော မြန်မာ ၆၀ ကျော် ထပ်မံဖမ်းဆီးခံရ

October 27, 2025

ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၆၀ ကျော်ကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

အောက်တိုဘာလ ၂၆ ရက်နေ့က တာခ့်ခရိုင် မယ်လမတ်ဒေသတွင် မြန်မာနိုင်ငံသားများ တရားမဝင် ဝင်ရောက်လာနေကြောင်း သတင်းရရှိသဖြင့် နယ်ခြားစောင့်တပ်က သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူများတွင် အမျိုးသား ၄၃ ဦး၊ အမျိုးသမီး ၂၁ ဦး စုစုပေါင်း ၆၄ ဦးရှိပြီး ခိုးဝင်ရန် ကူညီပေးသော ထိုင်းနိုင်ငံသား ၃ ဦးကိုလည်း ဖမ်းဆီးရမိခဲ့ဟုဆိုသည်။

မြန်မာနိုင်ငံသားများကို စစ်ဆေးရာ တရားဝင် နေထိုင်ခွင့် စာရွက်စာတမ်းများ မတွေ့ရဘဲ တရားမဝင် နယ်စပ်ဖြတ်ကျော်လာသူများဖြစ်ကြောင်း၊ ၎င်းတို့နှင့်အတူ ကားတစ်စီးနှင့် ဆိုင်ကယ်တစ်စီးကိုလည်း တွေ့ရှိရသဖြင့် သက်သေအနေဖြင့် သိမ်းဆည်းခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။

ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများနှင့် ထိုင်းနိုင်ငံသားများကို ဥပဒေအရ အရေးယူနိုင်‌ရေး မယ်လမတ်ရဲစခန်းသို့ ပို့ဆောင်ထားဟုဆိုသည်။

ယခုအောက်တိုဘာလအတွင်း ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်မှုကြောင့် မြန်မာနိုင်ငံသားဖမ်းဆီးရမှုသည် ၉၀၀ နီးပါးအထိ ရှိခဲ့ပြီး ကားမှောက်မှုကြောင့် ၃ ဦး သေဆုံးခဲ့သည်။

Ref: Thai PBS, Thairath