မွန်ပြည်နယ်၊ သထုံခရိုင်းအတွင်းရှိ သထုံနှင့် ဘီးလင်းမြို့နယ်တို့တွင် စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေသည်ဟု ဒေသခံတို့ထံမှ သိရသည်။
အောက်တိုဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းက ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာအနီး ရန်ကုန် – မော်လမြိုင်ကားလမ်းတွင် ကင်းပုန်းဝပ်လာသည့် စစ်အာဏာရှင်တပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပူးပေါင်းတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
နှစ်ဖက်တိုက်ပွဲသည် နာရီဝက်ခန့်ဖြစ်ပွားခဲ့ကြောင်း တိုက်ပွဲသည် ရန်ကုန် – မော်လမြိုင်ကားလမ်းတွင် ဖြစ်ပွားခဲ့သည့်အတွက် ကားများဖြတ်သန်းသွားလာမရပဲ လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့သေးကြောင်း ခရီးသွားလာသူတို့ထံမှ သိရသည်။
“တိုက်ပွဲက ရက်ဆက်ဖြစ်နေတယ်။ မနေ့က ဘီးလင်း ဒေါက်ရပ်မှာ ဖြစ်တယ်။ ဟိုတစ်နေ့က သထုံဘက်မှာ ဖြစ်တယ်။ ကားလမ်းပေါ် ဖြစ်ကြတော့ ကားတွေလည်း မဖြတ်ရဲကြဘူး။ ဒီရက်ပိုင်း ဆက်တိုက်ဖြစ်နေတော့ အသွားအလာတော့ သတိရှိဖို့လိုတယ်။ စစ်ကြောင်းတွေ ရှိနေတော့ တိုက်ပွဲက အချိန်မရွေး ထဖြစ်နိုင်တယ်” ဟု ဘီးလင်းဒေသခံတစ်ဦးက ပြောသည်။
အောက်တိုဘာလ ၂၃ ရက်နေ့က သထုံမြို့နယ်၊ ရေဝေးကျေးရွာအနီး အင်အား ၁၀၀ ခန့်ရှိသည့် စစ်အာဏာရှင်စစ်ကြောင်း ဝင်ရောက်လာသည့်အတွက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
၎င်းပြင် အောက်တိုဘာလ ၂၂ ရက်နေ့ ညကလည်း သထုံမြို့နယ်၊ မိုးကောင်းကျေးရွာလမ်းဆုံအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းပိုင်းတလျှောက် ကင်းလှည့်လာသည့် စစ်အာဏာရှင်တပ်နှင့် KNLA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။
တိုက်ပွဲဖြစ်ပွားနေသည့်နေရာအနီးတဝိုက်ကို စစ်ကော်မရှင်တပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှု ပြုလုပ်နေသည့်အပြင် အရပ်သားအချို့ ဖမ်းဆီးခံရမှုလည်း ရှိနေသည်ဟု ဒေသခံတို့က ဆိုသည်။
ရွေးကောက်ပွဲကျင်းပမည့်ရက် နီးကပ်လာချိန်တွင် စစ်အာဏာရှင်တပ် အင်အားအလုံးအရင်းဖြင့် သထုံခရိုင်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာနေသည့်အတွက် ဒေသတွင်းလှုပ်ရှားနေသည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့နှင့် တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားလာခဲ့သည်။
သထုံခရိုင်အတွင်းရှိ သထုံ၊ ဘီးလင်း၊ ကျိုက်ထိုမြို့နယ်အတွင်း စစ်အာဏာရှင်တပ် မြေပြင် စစ်ကြောင်းထိုးနေသည်သလို တစ်ဖက်တွင်လည်း လူနေကျေးရွာများဘက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းများကိုလည်း ဆက်တိုက်လုပ်ဆောင်နေသည်။
စစ်အာဏာရှင်တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းကြောင့်လူထိခိုက်သေဆုံးမှု၊ လူနေအိမ် ထိခိုက်ပျက်စီးများ ရှိသလို ထောင်နှင့်ချီသည့် ဒေသခံများလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။







