ထားဝယ်မြို့ပေါ်တွင် ဩဂုတ်လ ၂၆ ရက် ညဦးပိုင်းနှင့် ညသန်းခေါင်အချိန်တို့တွင် မိုးကြီးပြီး လေပြင်းတိုက်ခတ်ခြင်းကြောင့် လူနေအိမ် ၁၀ ဆောင်နီးပါး ခေါင်မိုးလန် ပျက်စီးကြောင်း မြို့ခံအချို့က ပြောသည်။
ထားဝယ်မြို့ပေါ်နှင့် အနီးတစ်ဝိုက်တွင် ဩဂုတ်လ ၂၆ရက် ည ၇နာရီဝန်းကျင်နှင့် ညသန်းခေါင်ယံတို့တွင် မိုးကြီးပြီး လေပြင်းကျတိုက်သောကြောင့် တလိုင်းမရပ်ကွက်၊ တရုတ်တန်းလမ်းရှိ နေအိမ်အချို့ နှင့် အခြားရပ်ကွက်များတွင် နေအိမ်အချို့ ခေါင်မိုးလန်ပျက်စီးကြောင်း မြို့ခံအမျိုးသားတစ်ဦးက ဆိုသည်။
“မိုးကြီးတယ်။ လေတိုက်တာက နေရာစုံတော့ မဟုတ်ဘူး။ တရုတ်တန်းလမ်းမှာပဲ အများဆုံးဖြစ်သွားတာ။ ရုတ်တရက် လေပွေလှိုင်း မိသွားတာ ဖြစ်မယ်။ တရုတ်တန်းလမ်းမှာ အိမ်မိုးလန်သွားတာ ခုနစ်ဆောင်ရှိတယ်။ တခြားရပ်ကွက်တွေက တော့ မသိရသေးဘူး” ဟု ယင်းအမျိုးသားကပြောသည်။
Dawei Watch က ရရှိထားသည့် ဓာတ်ပုံအချို့တွင်လည်း လေပြင်းကြောင့် နေအိမ်အချို့တွင် သွပ်ပြားနှင့် အုတ်ကြွပ် အမိုးများ ပျက်စီးနေသည်ကို တွေ့ရှိရသည်။
ထားဝယ်မြို့နှင့် အနီးတစ်ဝိုက်တွင် ဩဂုတ်လ ၂၂ရက်နှင့် ၂၃ရက် ညနေပိုင်းတို့တွင်လည်း မိုးသည်းထန်စွာရွာသောကြောင့် သစ်ပင်ကြီးအချို့ အမြစ်လန် လဲကျခဲ့သည်။
ထိုင်းနိုင်ငံမြောင်ပိုင်းဒေသများသို့ ရောက်ရှိနေသောအပူပိုင်းမုန်တိုင်းငယ်အရှိန်ကြောင့် ယနေ့ ညနေမှ ဩဂုတ်လ ၂၉ ရက် အတွင်း တနင်္သာရီတိုင်းအပါအဝင် တိုင်းနှင့် ပြည်နယ် ၁၄ ခုတွင် နေရာစိပ်စိပ်မှ နေရာအနှံအပြား မိုးထစ်ချုန်းရွာနိုင်ပြီး အချို့ ဒေသများတွင် မိုးကြီးမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗဒညွန်ကြားမှုဦးစီးဌာန၏ ယမန်နေ့ ညနေက ထုတ်ပြန်ထားသည်။
မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီးခြင်း၊ မြေပြိုခြင်းများဖြစ်ပေါ်နိုင်ပြီး ကုန်းမြင့်နှင့် ချောင်းငယ်များအနီး နေထိုင်သူများ ကြိုတင်သတိပြုနေထိုင်ကြရန် နှိုးဆော်ထားသည်။







