BREAKING
October 19, 2025

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နည်းဗျူဟာ ၃၃ နှင့် MSRF တို့ ညီနောင်တပ်ဖွဲ့အဖြစ်ဖွဲ့စည်း

August 27, 2025

ဓာတ်ပုံ - နည်းဗျူဟာ (၃၃)၊ MSRF နှင့် မဟာမိတ်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့သည့် စစ်သင်တန်း

ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ နည်းဗျူဟာ (၃၃) နှင့် မွန်ပြည်တော်လှန်ရေးတပ် (MSRF) တို့ ညီနောင်တပ်ဖွဲ့အဖြစ် ဖွဲ့စည်းကြောင်း ယနေ့ သြဂုတ်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်သည်။

နည်းဗျူဟာ (၃၃) နှင့် မွန်ပြည်တော်လှန်ရေးတပ် (MSRF) တို့သည် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့ ဒရုန်းစစ်ဆင်ရေးမှစ၍ မဟာမိတ်အဖြစ် ပူးပေါင်းပြီး အတူလက်တွဲ တိုက်ပွဲဝင်ခဲ့ကြသည်ဟု ဆိုသည်။

၂ နှစ်ကျော် အတူတကွ စစ်ရေးဖော်ဆောင်မှုများ ပြုလုပ်လာခဲ့ရာ ယခုအခါ ရဲဘော် ရဲဘက်များအချင်းချင်းအကြားတွင် သွေးစည်းညီညွတ်မှု၊ အနစ်နာခံမှုနှင့် ယုံကြည်မှုများသည် ညီနောင်ပမာခိုင်မာပြီးဖြစ်၍ နည်းဗျူဟာ (၃၃) နှင့် မွန်ပြည်တော်လှန်ရေးတပ် (MSRF) တို့သည် ညီနောင်တပ်ဖွဲ့အဖြစ် ဖွဲ့စည်းဖြစ်သည်ဟု ညီနောင်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စောဒါးကိုက ပြောသည်။

“MSRF နဲ့ ကျွန်တော်တို့ နည်းဗျူဟာ (၃၃) ဒေါနတပ်ရင်းအဖွဲ့တွေက ၂၀၂၃ ကတည်းက မဟာမိတ်အဖြစ် ပူးပေါင်းပြီးတော့ အလုပ်လုပ်ခဲ့ကြတာပေါ့နော်။ ပူးပေါင်းပြီး အလုပ်လုပ်တယ်။ ပူးပေါင်းပြီး တိုက်တယ်။ တိုက်တဲ့နေရာမှာလည်း အောင်မြင်မှုတွေ အများကြီး ရှိခဲ့တယ်။ နောက်ပိုင်းမှာ ဒီထက်ပိုပြီး ခိုင်မာတဲ့ မဟာမိတ်ဆိုတာထက်ကို ပိုမိုခိုင်မာတဲ့ ညီရင်းအစ်ကိုပမာပေါ့နော် ကျွန်တော်တို့တွေ ဒီဘက်မှာရှိတဲ့ PDF တပ်ဖွဲ့တွေနဲ့ မွန်တပ်နဲ့ ပေါင်းစည်းပြီးသွားမယ်ဆိုပြီးတော့ နှစ်ဖက်သဘောတူပြီး အခုလိုမျိုး လုပ်ဆောင်ခြင်းဖြစ်တယ်” ဟု စောဒါးကိုက ပြောသည်။

ညီနောင်တပ်ဖွဲ့သည် အနာဂတ် တော်လှန်ရေးခရီးတစ်လျှောက်တွင် တူညီသော ရည်မှန်းချက်ဖြင့် စစ်ရေးဖော်ဆောင်မှုများ ပြုလုပ်သွားမည်ဖြစ်ပြီး ရင်ဆိုင်ကြုံတွေ့လာမည့် မည်သည့်အခြေအနေတွင်မဆို အချင်းချင်း အသက်ပေးကာကွယ်သွားကြမည်ဟုလည်း ထုတ်ပြန်ထားသည်။

ညီနောင်တပ်ဖွဲ့သည် စစ်အာဏာရှင်နှင့် မည်သည့်အာဏာရှင်စနစ်မဆို အဆုံးတိုင် တိုက်ခိုက်ချေမှုန်း သွားမည်ဖြစ်ပြီး စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းနိုင်သည်အထိ အတူတကွ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းလည်း သန္ဓိဌာန်ပြုထားကြသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ နည်းဗျူဟာ (၃၃) နှင့် မွန်ပြည်တော်လှန်ရေးတပ် (MSRF) တို့ မဟာမိတ်အဖြစ် ပူးပေါင်းဆောင်ရွက်ခဲ့သည့် နှစ်နှစ်ကျော်ကာလအတွင်း စစ်ရေးဖော်ဆောင်မှုပေါင်း ၄၀ ခန့်နှင့် စစ်ကောင်စီ၏ စခန်းသိမ်းတိုက်ပွဲပေါင်း ၆ ကြိမ်ထက်မနည်းကို ဖော်ဆောင်နိုင်ခဲ့သည်ဟု ဆိုသည်။