ထိုင်းနိုင်ငံအရှေ့ပိုင်း၊ ချာချင်စောင်ခရိုင်ရှိ မီးကြိုးအဟောင်းစက်ရုံတွင် အလုပ်မှ ရုတ်တရက် ရပ်နားခံလိုက်ရသော မြန်မာအလုပ်သမား ၁၈၀ ဦးသည် အလုပ်ရှင်ကို ဥပဒေအရ အလုပ်သမားရုံးတွင် တိုင်ကြားခဲ့ပြီးနောက် အလုပ်ပြန်ဆင်းရပြီဖြစ်ကြောင်း ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့ထံမှ သိရသည်။
စက်ရုံပိတ်သိမ်းတော့မည်ဟုဆိုပြီး မြန်မာအလုပ်သမားများကို ဇွန်လ ၁၅ ရက်မှစ၍ အလုပ်ရှင်ဘက်က ရုတ်တရက် အလုပ်ရပ်နားလိုက်သဖြင့် အလုပ်သမားများ စားဝတ်နေရေးအတွက် အခက်အခဲများ ကြုံတွေ့နေရခြင်းဖြစ်သည်။
အလုပ်ရပ်နားခံရချိန် လုပ်အားခ ၁၀ ရက်စာကိုလည်း ထုတ်မပေးသည့်အပြင် အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ကတ်) နှင့် သက်တမ်းတိုးလုပ်ငန်းစဉ်များကိုလည်း အလုပ်ရှင်ဘက်က တာဝန်ယူပေးခဲ့ခြင်းမရှိကြောင်း WAG ထံမှ သိရသည်။
ယင်းအခက်အခဲများကို ဖြေရှင်းပေးရန် မြန်မာအလုပ်သမားများက မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ WAG ထံ ဇွန်လ ၂၄ ရက်က အကူအညီ တောင်းခံခဲ့ကြောင်း အဆိုပါအဖွဲ့၏ တာဝန်ခံ ကိုမုန်တိုင်းက ပြောသည်။
ထို့နောက် အဖွဲ့နှင့်အတူ အလုပ်သမားများသည် အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံး (ဆာဝါဒီကန်) ကို တိုင်ကြားခဲ့ရာမှ ဇွန်လ ၂၆ ရက်တွင် အလုပ်ရှင်ဘက်က ကိုယ်တိုင်လာရောက်ညှိနှိုင်းခဲ့ပြီး အလုပ်သမားများကို ယနေ့ ဇွန်လ ၂၇ ရက်တွင် အလုပ်ပြန်ဆင်းစေခဲ့ကြောင်း ၎င်းက ဆိုသည်။
“အလုပ်နားခံရတဲ့ထဲမှာ သုံးနှစ်၊ လေးနှစ် နှစ်ကြီးသမားတွေပါတယ်။ ဒါအတွက် လျော်ကြေးပေးမလား မေးတော့ သူတို့ မပေးနိုင်ဘူး။ အဲဒီတော့ အလုပ်သမားတွေကို အလုပ်ပြန်ပေးမယ်ဆိုပြီး အလုပ်ရှင်ဘက်က ပြန်လိုက်လျောပေးခဲ့တယ်။ အခြားအခွင့်အရေးတွေကိုလည်း ရစေရမယ်လို့ ကတိပေးခဲ့တယ်” ဟု ကိုမုန်တိုင်းက ပြောဆိုသည်။
ထို့အပြင် ကျန်ရှိနေသော လုပ်အားခများကိုလည်း ပြန်ပေးမည်ဟု အလုပ်ရှင်ဘက်က ကတိပြုထားပြီး အလုပ်နားရက် များတွင် အလုပ်ဆင်းပါက လုပ်အားခ နှစ်ဆပေးသွားမည်ဟုလည်း ပြောဆိုခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
အလုပ်ရပ်နားထားရသော ရက်များအတွက်လည်း လုပ်အားခအပြည့် ပြန်ပေးမည်ဖြစ်ပြီး သိမ်းဆည်းထားသော စာရွက်စာတမ်းများကိုလည်း အလုပ်သမားများကို ပြန်ပေးရန် ကတိပြုခဲ့ကြောင်း ကိုမုန်တိုင်းက ပြောသည်။
မြန်မာအလုပ်သမားများသည် အလုပ်ထုတ်ခံရခြင်း၊ လုပ်အားခမရရှိခြင်း၊ စာရွက်စာတမ်များ သိမ်းဆည်းခံထားရခြင်းကဲ့သို့ အလုပ်သမားအခွင့်အရေးများ ချိုးဖောက်ခံရပါက နီးစပ်ရာ မြန်မာအလုပ်သမားအဖွဲ့အစည်းများထံ အကူအညီတောင်းခံသင့်ကြောင်း WAG အဖွဲ့က တိုက်တွန်းထားသည်။