BREAKING
May 28, 2025

ဘီးလင်း-နတ်ကြီးကားလမ်းရှိ တံတားတစ်စင်း မိုင်းခွဲခံရပြီး လမ်းပန်းဆက်သွယ်ရေးပြတ်

May 27, 2025

ပုံစာ - မေ ၂၆ ရက်က မိုင်းခွဲဖျက်ဆီးခံရသည့် တံတားအမှတ် (၃/၁၇) ။ ဓာတ်ပုံ - ဒေသခံတစ်ဦး။

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဘီးလင်း-နတ်ကြီး-ဖာပွန်ကားလမ်းပေါ်ရှိ တံတားတစ်စင်း မိုင်းခွဲဖျက်ဆီးခံရပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေကြောင်း ဒေသခံများထံမှ သိရသည်။

ဘီးလင်း-နတ်ကြီး-ဖာပွန်ကားလမ်း မိုင်တိုင်အမှတ် ၁၆/၂ နှင့် ၁၆/၃ ကြားရှိ တံတားအမှတ် (၃/၁၇) သံကူကွန်ကရစ် အမျိုးအစားသည် မေလ ၂၆ ရက် နံနက်ပိုင်းတွင် မိုင်းခွဲဖျက်ဆီးခံရကြောင်း ၎င်းတို့က ဆိုသည်။

အရှည် ပေ ၈၀၊ အကျယ် ၂၄ ပေရှိ အဆိုပါ သံကူကွန်ကရစ်တံတားသည် မိုင်းခွဲခံရမှုကြောင့် တံတားတစ်စင်းလုံးနီးပါး ပြိုကျပျက်စီးသွားကြောင်း ဒေသခံများက ပြောဆိုသည်။

“မိုင်းခွဲခံထားရတဲ့ တံတားက တစ်စင်းလုံးနီးပါးပဲ ပြိုကျသွားတယ်။ အခုက လူရော၊ ကားတွေရော ဖြတ်သန်းသွားလာလို့ မရတော့ဘူး” ဟု ဘီးလင်းဒေသခံတစ်ဦးက ပြောသည်။

အဆိုပါတံတားကို မည်သည့်အဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့သည်ကိုမူ တိတိကျကျ မသိရသေးပေ။

အဆိုပါတံတားသည် ဘီးလင်းနှင့် ဖာပွန်မြို့နယ်ကို ဆက်သွယ်သွားလာနေသည့် တံတားများအနက် တစ်စင်းဖြစ်ပြီး ဒေသတွင်းက သွားလာရေး အခက်အခဲကြုံတွေ့ရကြောင်း ဒေသခံများထံမှ သိရသည်။

ဘီးလင်း-နတ်ကြီး-ဖာပွန်ကားလမ်းပိုင်းတွင် တံတားမိုင်းခွဲဖျက်ဆီးခံရသည့် ဖြစ်စဉ်များ မကြာခဏ ဖြစ်လေ့ရှိသည်။

ပြီးခဲ့သည့် ဇန်နဝါရီလတွင် အဆိုပါလမ်းပိုင်းရှိ တံတားတစ်စင်း မိုင်းခွဲခံခဲ့ရသည်။

၂၀၂၄ ခုနှစ်အတွင်းကလည်း အဆိုပါကားလမ်းပိုင်းရှိ ပျဉ်သာကျေးရွာတံတား အပါအဝင် ချောင်းကူးတံတား သုံးစင်း ထက်မနည်း မိုင်းခွဲဖျက်ဆီးခံရပြီး ပြိုကျပျက်စီးခဲ့သေးသည်။ အဆိုပါဖြစ်စဉ်များတွင်လည်း မည်သည့်အဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့သည်ကို ထုတ်ပြန်ပြောဆိုခြင်း မရှိခဲ့ပေ။

သထုံခရိုင်၊ သထုံ၊ ဘီးလင်း၊ ကျိုက်ထိုမြို့နယ်အတွင်းက ကားလမ်း၊ မီးရထားလမ်းတစ်လျှောက်ရှိ တံတားများ မိုင်းဖောက်ခွဲခံရသည့်ဖြစ်စဉ် မကြာခဏဖြစ်ပွားလေ့ရှိသည်။