စစ်ကောင်စီက အဓမ္မစစ်သားစုဆောင်းနေချိန် ထိုင်းနိုင်ငံ ရနောင်းထိန်းသိမ်းရေးစခန်းရှိ မြန်မာနိုင်ငံသား ၈၀ ကျော်ကို မေလ ၂၆ ရက်တွင် ကော့သောင်းဘက်သို့ ထပ်မံလွှဲပြောင်းပေးလိုက်ကြောင်း ရနောင်းရေကြောင်းထိန်းသိမ်းရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးနောက် ရနောင်းထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားသော မြန်မာနိုင်ငံသား ၈၁ ဦးကို ကော့သောင်းမြို့သို့ လွှဲပြောင်းခဲ့ခြင်းဖြစ်သည်။
လွှဲပြောင်းပေးသော မြန်မာနိုင်ငံသားများတွင် အမျိုးသား ၆၀ ဦးနှင့် အမျိုးသမီး ၂၁ ဦးပါဝင်ပြီး ယခုနှစ်အတွင်း ငါးကြိမ်မြောက် လွှဲပေးခဲ့ခြင်းဖြစ်သည်။
နေရပ်ပြန်ပို့စဉ် ရနောင်းခရိုင် လဝကအရာရှိများနှင့်အတူ ရနောင်းအခြေစိုက် မြန်မာအလုပ်သမားသံအရာရှိ ဦးမိုးဇော်လည်း တက်ရောက်ခဲ့သည်။
နေရပ်ပြန်ပို့မည့် မြန်မာနိုင်ငံသားများကို ရနောင်းဆိပ်ကမ်းမှတစ်ဆင့် ကော့သောင်းဘက်သို့ စက်လှေ ရှစ်စင်းဖြင့် လွှဲပြောင်းပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားချက်အရ သိရသည်။

နေရပ်ပြန်ပို့ခံရသူများသည် ထိုင်းသို့ တရားမဝင် ဝင်ရောက်မှု၊ မူးယစ်ဆေးသုံးစွဲမှုနှင့် အခြားအမှုများကြောင့် ပြစ်ဒဏ်ကျခံပြီးသူများဖြစ်ကြောင်း ဆိုသည်။
၂၀၂၄ ခုနှစ်အတွင်း ရနောင်းထိန်းသိမ်းရေးစခန်းမှ ကော့သောင်းသို့ ပြန်လွှဲပြောင်းပေးမှုအကြိမ်ရေ စုစုပေါင်း ၁၄ ကြိမ်အထိ ရှိခဲ့ကြောင်း မြန်မာနိုင်ငံသား ၂၀၀၅ ဦးအထိ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း ရနောင်းလဝက၏ ထုတ်ပြန်ချက်အရ သိရသည်။
ယခုနှစ် ဇန်နဝါရီလတွင် ၁၄၉ ဦး၊ ဖေဖော်ဝါရီလတွင် ၂၀၀ ဦး၊ မတ်လတွင် ၂၅၀ ဦး၊ ဧပြီလတွင် ၂၀၈ ဦးနှင့် ယခု မေလ တွင် ၈၁ဦး ထပ်မံလွှဲပြောင်းခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီကလည်း မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပို့ဆောင်လာသူများကို စစ်မှုထမ်းအသက်တွင် အကျုံးဝင်ပါက ဖမ်းဆီးခေါ်ဆောင်မှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း စစ်မှုထမ်း စုဆောင်းခံရသူများထံမှ သိရသည်။