ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့ရှိ အိမ်ရာထဲတွင် တန်ဖိုးကြီး နာရီအပါအဝင် ဘတ် ၃ သန်းကျော်တန်ဖိုးရှိ ပစ္စည်းများကို ခိုးယူမှုဖြင့် မြန်မာနိုင်ငံသားတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
နိုင်ငံခြားသားသည် ပြည်ပခရီးစဉ်မှ ပြန်လာစဉ် ဖူးခက်မြို့ ချလောင်ဒေသရှိ ငှားထားသော အိမ်ထဲတွင် ငွေသားနှင့် တန်ဖိုးကြီးပစ္စည်းများစွာ ပျောက်ဆုံးနေသဖြင့် ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ခြင်းဖြစ်သည်။
ခိုးယူခံရသည့် ပစ္စည်းများမှာ ဘတ် ၂၇ သိန်းတန်ဖိုးရှိ Rolex နာရီ ၃ လုံး၊ ဘတ် ၁ သိန်းနီးပါးတန်ဖိုးရှိ ငွေသားများ၊ iPhone နှင့် ဖုန်းပစ္စည်းများ၊ Play Station ဂိမ်းစက်နှင့် အခြားပစ္စည်းများဖြစ်ကာ အားလုံးစုစုပေါင်း ဘတ် ၃ သန်းကျော် တန်ဖိုးရှိကြောင်း သတင်းအရ သိရသည်။
ရဲတပ်ဖွဲ့က CCTV မှတ်တမ်းများမှတစ်ဆင့် စုံစမ်းစစ်ဆေးရာမှ အိမ်ရာထဲတွင် ရေကူးကန်သန့်ရှင်းရေး လာလုပ်ခဲ့သော အလုပ်သမားတစ်ဦးက ခိုးယူသွားသည်ကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် မတ်လ ၂၆ ရက်နေ့က သွားရောက်ဖမ်းဆီးခဲ့ဟု ဆိုသည်။
ဖမ်းဆီးခံရသူသည် အသက် ၂၇ နှစ်အရွယ် ကိုဝေအမည်ရှိသူ မြန်မာနိုင်ငံသားဖြစ်ပြီး ရေကူးကန်သန့်ရှင်းရေး လာလုပ်စဉ် တံခါးသော့မခတ်ထားသည်ကို တွေ့ရသဖြင့် ခိုးယူခဲ့သည်ဟု ဝန်ခံခဲ့ကြောင်း ဖော်ပြထားသည်။
ကိုဝေနှင့်အတူ ခိုးယူထားသော ပစ္စည်းအားလုံးကို ၎င်း၏ အခန်းထဲတွင် တွေ့ရသဖြင့် သက်သေအနေဖြင့် သိမ်းဆည်းခဲ့သည်။
ဖမ်းဆီးခံရသော ကိုဝေကို ချလောင်ရဲစခန်းသို့ ပို့ဆောင်ခဲ့ပြီး အိမ်ထဲကျူးကျော်ဝင်ရောက်ပြီး ခိုးယူမှုဖြင့် အမှုဖွင့်ထားကြောင်း သတင်းတွင် ဖော်ပြသည်။
Ref: Phuket News, Phuket Times







