တစ်လကျော်ကြာ ပိတ်ထားသည့် မြိတ်-ထားဝယ်ကားလမ်း ယနေ့ ပြန်လည်သွားလာခွင့်ရကြောင်း ဒေသခံအချို့နှင့် ကားသမားအချို့က ပြောသည်။
KNLA နှင့် ပူးပေါင်းတပ်တော်လှန်ရေးတပ်များက မြိတ်-ထားဝယ်ကားလမ်းရှိ ဝင်းဝစခန်းသိမ်းတိုက်ပွဲဆင်နွှဲရန် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၈ ရက်မှ မတ်လ ၂၆ ရက်အထိ ၄၇ရက်ကြာ ပိတ်ထားခဲ့ခြင်းဖြစ်သည်။
“ကားလမ်းဖွင့်ပြီလို့ ပြောတယ်။ ထားဝယ်ဘက်က ဆင်းလာတဲ့ကားတွေ ပုလော၊ ပလောက်ဘက်ကို ရောက်နေပြီလို့ ပြောတယ်။ မြိတ်ဘက်က တက်တဲ့ကားတွေလည်း ထားဝယ်ကိုရောက်ကုန်ပြီလို့ပြောတယ်။ မနက်ဖြန်လောက်ဆိုရင်တော့ သေသေချာချာသိရမယ်” ဟု မြိတ်-ထားဝယ် ကားလမ်းအသုံးပြုနေသည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
မြိတ်-ထားဝယ် ပြေးဆွဲသည့် မှန်လုံကား ပိုင်ရှင်တစ်ဦးကမူ ကားလမ်းဖွင့်ပြီဟု ပြောဆိုနေသော်လည်း မသွားလာရဲသေးသဖြင့် အခြေအနေကို စောင့်ကြည့်နေဆဲဖြစ်ကြောင်း ပြောဆိုသည်။
မြိတ်-ထားဝယ် ကားလက်မှတ်ရောင်းနေသူ အမျိုးသမီးတစ်ဦးကမူ ကားလမ်းအခြေအနေကို စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း ဆိုသည်။
“လမ်းဖွင့်တာက တရားဝင်မကြေညာသေးဘူးဆိုတော့ ဘယ်လိုတွေ အပြောင်းအလဲ ဖြစ်ဦးမယ်တော့ မသိသေးဘူး။ ၃ ရက် ဖွင့်ပေးတယ်လို့လည်း ပြောသံကြားတယ်။ အဲဒါကြောင့် အတိအကျပြောမရတာ။ သူတို့ကြေညာစာထုတ်မှ ပိုသေချာဖို့ များတယ်” ဟု ၎င်းက ပြောသည်။
လမ်းပြန်ဖွင့်သည်ဆိုသည့် ကိစ္စနှင့်ပတ်သက်၍ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း-၁၂ နှင့် တပ်ရင်း-၂၇ ၏ တပ်ရင်းမှူးထံ Dawei Watch က လူမှုကွန်ရက်မှတစ်ဆင့် စာပေးပို့ ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။
ဝင်းဝစခန်းသည် သရက်ချောင်းမြို့နယ်အောက်ပိုင်း ဆင်ကူးရွာမှ ပုလောမြို့နယ်၊ ပလောက်မြို့အနီးက ဆင်ထိုးကြီးရွာအထိ မြိတ်-ထားဝယ် အမှတ်(၈) ပြည်ထောင်စုလမ်းပေါ်က စစ်အာဏာရှင်တပ်၏ တစ်ခုတည်းကျန်ရှိသည့် တပ်စခန်းဖြစ်သည်။
ယင်းစခန်းကို KNLA နှင့် အမျိုးသားညီညွှတ်ရေးအစိုးရ-NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF ပူးပေါင်းတပ်တို့က ဖေဖော်ဝါရီလ ၇ ရက်တွင် စတင်တိုက်ခိုက်ခဲ့ပြီး တစ်လကျော်အကြာ မတ်လ ၁၁ တွင် စခန်းကို သိမ်းယူနိုင်ခဲ့သည်။
ဝင်းဝစခန်းက ဆုတ်ခွာထွက်ပြေးလာသည့် စစ်အာဏာရှင်တပ်နှင့် စစ်ကူစစ်ကြောင်းတို့မှာ ပင်လယ်ကမ်းနားရွာဖြစ်သည့် ဂုံညှင်းဆိပ်ကျေးရွာဘက်တွင် ပိတ်မိနေပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။
စစ်အာဏာရှင်တပ်ကလည်း ဂုံညှင်းဆိပ်ကျေးရွာဘက်သို့ နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်နေသည်။







