ပုလောမြို့နယ်၊ ကြဲကျေးရွာအုပ်စု၊ မီးလောင်ချောင်းရွာတွင် အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ခြေတစ်ဖက်ဆုံးရှုံးသွားကြောင်း ဒေသခံများနှင့် ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။
မိုင်းနင်းမိသူသည် အသက် ၂၁ အရွယ် ကိုအောင်စိုး ဆိုသူဖြစ်ပြီး ကျေးရွာ၏ အနောက်ဘက် ဥယျာဉ်ခြံအတွင်း၌ မတ်လ ၂၄ ရက် နေ့လယ်ပိုင်းက ဟင်းရွက်ခူးနေစဉ် မိုင်းနင်းမိခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။
မိုင်းနင်းမိသဖြင့် ကိုအောင်စိုး၏ ဘယ်ဘက်ခြေချင်းဝတ်အောက်ဘက် ပြတ်ထွက်သွားကြောင်း မှတ်တမ်းဓာတ်ပုံတစ်ခုတွင် တွေ့ရသည်။
မိုင်းနင်းမိပြီးနောက် မြိတ်မြို့ ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရပြီး ပြတ်ထွက်နေသည့် ခြေထောက်အား ဖြတ်တောက်ကာ ဆေးကုသမှုခံယူနေရဆဲဖြစ်ကြောင်း ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောပြသည်။
၂၀၂၄ ခုနှစ်က မီးလောင်ချောင်းရွာရှိ စစ်အာဏာရှင်တပ်စခန်း သိမ်းပိုက်မီးရှို့ခဲ့သော်လည်း နောက်ပိုင်းတွင် ယင်းကျေးရွာ၌ စစ်အာဏာရှင်တပ်က ပြန်နေရာယူထားပြီး ရွာသားအချို့သာ ကျေးရွာ၌ နေထိုင်ကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။
ကိုအောင်စိုး နင်းမိခဲ့သည့်မိုင်းမှာ မည်သည့်အဖွဲ့က ထောင်ထားသည့် မိုင်းဖြစ်ကြောင်း သီးခြား အတည်မပြုနိုင်ပေ။
တနင်္သာရီတိုင်းတွင် မိုင်းနင်းမိသည့် ဖြစ်စဉ်များ ဆက်တိုက်ရှိနေပြီး ၂၀၂၅ ခုနှစ် ဇွန်လမှ ဒီဇင်ဘာလ ၆ လတာအတွင်း တနင်္သာရီတိုင်းရှိ မြို့နယ် ၅ မြို့နယ်တွင် မြေမြှုပ်မိုင်းပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း တနင်္သာရီတိုင်းအတွင်းရှိ သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်သော Tide Information Unit (TIU) အဖွဲ့၏ အစီရင်ခံစာတွင် ပါရှိသည်။
ခြောက်လတာအတွင်း မြေမြှုပ်မိုင်း ပေါက်ကွဲမှု ဖြစ်စဉ် ၂၂ ကြိမ်အထိရှိခဲ့ပြီး ၅ ဦးသေဆုံးကာ ၁၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း ယင်းအစီရင်ခံစာတွင် ပါရှိသည်။
ယင်းအချက်အလက်များမှာ လက်လှမ်းမီသမျှ ကောက်ယူရရှိသည့် ဖြစ်စဉ်များကိုသာ ဖော်ပြခြင်းဖြစ်၍ မြေပြင်အခြေအနေတွင် ယင်းထက်ပိုမိုနိုင်ကြောင်း အဆိုပါ သုတေသနအဖွဲ့ကဆိုသည်။







