ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စစ်ကော်မရှင်က ထားဝယ်တွင် သင်္ကြန်မဏ္ဍပ်များ စဆောက်နေပြီး ယခင်ထက် ပိုများမည်ဟုဆို

March 27, 2026

Photo - Dawei Watch

တနင်္သာရီတိုင်း၏မြို့တော် ထားဝယ်တွင် စစ်ကော်မရှင်က သင်္ကြန်မဏ္ဍပ်များစဆောက်နေပြီဖြစ်ပြီး ယခင်နှစ်များထက် မဏ္ဍပ်အရေအတွက် တိုးချဲ့ဆောက်လုပ်ရန် စီစဉ်နေကြောင်း တိုင်းစစ်ကော်မရှင်နှင့် နီးစပ်သူများထံမှ သိရသည်။

မြို့တော်ခန်းမအနီးရှိ ယခင် ဗဟိုမဏ္ဍပ်နေရာ၌ မဏ္ဍပ်စတင်ဆောက်လုပ်နေသည်ကို မြင်ရပြီး ကျန်နေရာများတွင် ဆောက်လုပ်နေသည်ကို မတွေ့ရသေးကြောင်း ထားဝယ်မြို့ခံတစ်ဦး မတ်လ ၂၆ ရက်က ပြောသည်။

မဏ္ဍပ်ဆောက်လုပ်နေသည့် ဧရိယာဝန်းကျင်၌ စစ်အာဏာရှင်တပ်သားများ လုံခြုံရေးယူပေးထားကြောင်း မျက်မြင်တွေ့ရသည့် အထက်ပါမြို့ခံက ပြောဆိုသည်။

ကိုဗစ်ကပ်ရောဂါကာလနှင့် အာဏာသိမ်းမှုကြောင့် ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်တွင် သင်္ကြန်မကျင်းပဘဲ ၂ နှစ်ရပ်နားပြီးနောက် ထားဝယ်တွင် စစ်ကောင်စီက ၂၀၂၂ ခုနှစ်မှစ၍ သင်္ကြန်မဏ္ဍပ်များ ပြင်ဆင်၍ ပြန်လည်ကျင်းပခဲ့ရာ နှစ်စဉ် မဏ္ဍပ်သုံးခုဆောက်ခဲ့သည်။

ယင်းမဏ္ဍပ်သုံးခုမှာ ဗဟိုမဏ္ဍပ်၊ ဆောက်လုပ်ရေးမဏ္ဍပ်နှင့် ရွှေဝယ်သီရိကစားကွင်း မဏ္ဍပ်တို့ဖြစ်ကြသည်။

ယမန်နှစ် ၂၀၂၅ ခုနှစ်တွင်မူ သင်္ကြန်မဏ္ဍပ်များဆောက်လုပ်ပြီးမှ စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ခဲ့သဖြင့် သင်္ကြန်ကို အပျော်အပါးသီဆိုကခုန်မှုများ မပါဝင်ဘဲ ရိုးရာယဉ်ကျေးမှုနှင့်အညီ ကျင်းပသွားမည်ဟုဆိုကာ မဏ္ဍပ်နှစ်ခုပြန်ဖျက်ခဲ့ပြီး ဗဟိုမဏ္ဍပ်တစ်ခုသာ ကျင်းပခဲ့သည်။

ယခုနှစ်တွင် အထက်ပါမဏ္ဍပ်သုံးခုအပြင် စည်ပင်ဌာနနှင့် တိုင်းရင်းသားရေးရာဌာန မဏ္ဍပ်နှစ်ခုပါ ထပ်မံတိုးချဲ့ဆောက်လုပ်ရန် လျာထားကြောင်း တိုင်းစစ်ကော်မရှင်နှင့် နီးစပ်သူများထံမှ သိရသည်။

“တိုင်းရင်းသားမဏ္ဍပ်က ကမ်းနားလမ်းမှာလုပ်မယ်။ စည်ပင်မဏ္ဍပ်က နေရာအတိအကျမသိသေးဘူး။ အစကတည်းက နှစ်တိုင်းဆောက်နေတဲ့ မဏ္ဍပ်သုံးခုကတော့ အရင်နေရာတွေမှာပဲ ဆောက်မယ်” ဟု တိုင်းစစ်ကော်မရှင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

သင်္ကြန်ကာလမတိုင်မီ ယခုလက်တလောတွင် ထားဝယ်မြို့အပါအဝင် နိုင်ငံအဝှမ်း စက်သုံးဆီ အခက်အခဲကို ကြုံတွေ့နေရပြီး ယင်းအခက်အခဲသည် သင်္ကြန်ကာလနှင့် သင်္ကြန်အလွန်ကာလအထိ ဆက်လက်ကြုံတွေ့ရနိုင်ခြေရှိနေသည်။

စက်သုံးဆီအခက်အခဲကြောင့် သင်္ကြန်ကာလတွင် မော်တော်ယာဉ်များဖြင့် သင်္ကြန်လည်ပတ်ခြင်းမပြုလုပ်ဘဲ ခရိုင်မြို့ကြီးများတွင် လမ်းလျှောက်သင်္ကြန်ပြုလုပ်ရမည်ဟု စစ်ခေါင်းဆောင်က ညွှန်ကြားထားသည်။

လမ်းလျှောက်သင်္ကြန်ကို တနင်္သာရီတိုင်း၌ ထားဝယ်မြို့နှင့် မြိတ်မြို့တို့တွင် ပြုလုပ်မည်ဟု စစ်ကော်မရှင်၏ ရုပ်မြင်သံကြားနှင့် ဝဘ်ဆိုက်တို့တွင် ကြေညာထားသည်။

ထားဝယ်မြို့တွင် လမ်းလျှောက်သင်္ကြန် ပြုလုပ်နိုင်ရန် တိုင်းစစ်ကော်မရှင်၏ ခေတ္တဝန်ကြီးချုပ်အဖြစ် ယူထားသည့် နယ်/လုံ ဝန်ကြီး ဗိုလ်မှူးကြီးသိန်းဇော်မြင့်က ဦးဆောင်၍ တိုင်း(အစိုးရ)ရုံးတွင် မတ်လ ၂၆ ရက်က အစည်းအဝေးပြုလုပ်ခဲ့သည်။

သင်္ကြန်မဏ္ဍပ် ဆောက်လုပ်မည့် နေရာများ၏ ပတ်ဝန်းကျင်ရှိ တိုင်း(အစိုးရ)ရုံး၊ တိုင်းရဲတပ်ဖွဲ့ရုံး၊ စစစ ရုံး၊ ဆောက်လုပ်ရေးရုံး တို့ကို စစ်အုပ်စု၏ ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲအလွန် ကာလများတွင် တော်လှန်ရေးအင်အားစုများက ဒရုန်းဖြင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သေးသည်။

ပုံစာ – ၂၀၂၅ ခုနှစ် သင်္ကြန်ကာလ၌ ထားဝယ်မြို့ ဗဟိုမဏ္ဍပ်ကို တွေ့ရစဉ်။