BREAKING
November 27, 2025

ထိုင်းတွင် ရေကြီးမှုကြောင့် သေဆုံးသူ ၄၆ ဦးအထိရှိလာ

November 26, 2025

ထိုင်းနိုင်ငံတောင်ပိုင်း ခရိုင်များအပါအဝင် ခရိုင်အများအပြားတွင် ရေကြီးမှုကြောင့် သေဆုံးသူ ၄၆ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ထိုင်းနိုင်ငံ ဘေးအန္တရာယ်ကာကွယ်ရေးနှင့် တုံ့ပြန်ရေးဌာန (DPPM) က ယနေ့ ထုတ်ပြန်သည်။

ထိုင်းတောင်ပိုင်း စွန်ခရာခရိုင် ဟတ်ယိုင်တွင် နိုဝင်ဘာလ ၂၂ ရက်နေ့မှ ၂၅ ရက်နေ့အထိ ရေကြီးမှုကြောင့် သေဆုံးသူ ၁၄ ဦး ရှိကြောင်း ဟတ်ယိုင်ဆေးရုံကြီးက ယနေ့ ထုတ်ပြန်ထားသည်။

ဖတ်ထလူခရိုင်တွင် ရုတ်တရက် ရေကြီးလာမှုကြောင့် သေဆုံးသူ လေးဦးရှိလာပြီး ၎င်းတို့အနက် အသက် ၇၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ဟင်းသီးဟင်းရွက်ခူးနေစဉ် ရေနှင့် မျောပါသေဆုံးခဲ့ကြောင်း ဖော်ပြသည်။

လက်ရှိတွင် ထိုင်းတောင်ပိုင်း ခရိုင်များဖြစ်သည့် စွန်ခရာ၊ ရာလ၊ ပတ်တနီ၊ နာရသီဝပ်၊ နခွန်စီထမရတ်၊ ဖတ်ထလူ၊ တရန်း၊ စထွန်း၊ စူရတ်ဌာနီခရိုင်များတွင် ရေကြီးမှုဒဏ်ကို ခံနေရပြီး စွန်ခရာခရိုင် ဟတ်ယိုင်ဒေသတွင် ရေဘေးဒုက္ခကို ဆိုးဆိုးရွားရွားခံနေရကြောင်း‌ ဖော်ပြသည်။

ထို့ကြောင့် ထိုင်းတောင်ပိုင်းတွင် သေဆုံးသူ ၁၈ ဦးအထိ ရှိလာပြီး လူဦးရေ ၂ ဒသမ ၇ သန်းကျော်၊ အိမ်ထောင်စုပေါင်း တစ်သိန်းခန့် ရေဘေးဒုက္ခခံစားနေရကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။

ကျောက်ဖရားမြစ်တစ်လျှောက်ရှိနေသော ထိုင်းအလယ်ပိုင်းနှင့် မြောက်ပိုင်းခရိုင်များတွင်လည်း ရေကြီးမှုကြောင့် သေဆုံးသူ ၂၈ ဦးရှိပြီး လူဦးရေ ငါးသိန်းခန့်၊ အိမ်ထောင်စုပေါင်း တစ်သိန်းခွဲခန့် ရေဘေးဒုက္ခခံစားနေရကြောင်း ဆိုသည်။

တစ်နိုင်ငံလုံးတွင် ကျေးရွာပေါင်း ၈၀၀၀ ကျော် ရေဘေးသင့်နေပြီး တောင်ပိုင်းတွင် ကျေးရွာပေါင်း ၅၀၀၀ ကျော် ရေဘေးဒုက္ခခံစားနေရသည်။

အထူးသဖြင့် စူရတ်ဌာနီ၊ နခွန်စီထမရတ်၊ စွန်ခရာ၊ ဖတ်ထလူခရိုင်များတွင် ရေမျက်နှာပြင် မြင့်တက်နေဆဲဖြစ်ပြီး ဖစ်စနူလို့၊ အယုဒ္ဓယနှင့် စူဖန်ဘူရီခရိုင်များတွင်မူ ရေလျော့နည်းလာပြီဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။

ပြီးခဲ့သော ၂၄ နာရီအတွင်း တောင်ပိုင်ခရိုင်များဖြစ်သည့် ပတ်တနီခရိုင်တွင် မိုးရေချိန် ၆၃၄ မီလီမီတာ၊ စွန်ခရာခရိုင်တွင် ၅၃၈ မီလီမီတာ၊ ရာလခရိုင်တွင် ၅၀၄ မီလီမီတာအထိ မိုးရွာသွန်းခဲ့ကြောင်း ဖော်ပြသည်။

Ref: Thai Enquirer, Khaosod, The Nation Thailand