လူနှင့်ဘောလုံး အားကစားအကြောင်းဆွေးနွေးခြင်းမဟုတ်ပါ။ ဘောလုံး ကို လူအများစုက နားလည်ပြီးသားဖြစ်သည်။
ဘောလုံးသမား ဟုဆိုလျှင် ဘောလုံး ကစားသူဟုဆိုသည်။ သို့သော် လူတဦးကို သူကတော့ ‘ဘောလုံး’ ပါဟုဆိုလျှင်တော့ ဤအဓိပ္ပာယ်မှာ တမျိုးတမည် ဖြစ်သွား၏။
လူ အချို့ကို ‘ဘောလုံး’ ဟူသော စကားလုံးဖြင့် တင်စားခံရခြင်းအကြောင်းကို တို့ထိကြည့်ခြင်း မျှသာဖြစ်သည်။
လူကို ဘောလုံးဟု စခေါ် ခဲ့သည့် အကြောင်းအရင်း နှင့် ကာလကို မသိ။ ယနေ့ခေတ်တွင်မူ ဘောလုံး ဟု ညွှန်းဆိုခံရသူများမှာ ထိုင်း နှင့် အခြားနိုင်ငံများသို့ ပွဲစား အဆက်အသွယ်ဖြင့် အထောက်အထားမဲ့ ဝင်ရောက်သည့် သူများဖြစ်သည်။
ထိုသို့ အထောက်အထားမဲ့ ဝင်ရောက်သည်ကို အောက်လမ်းမှ တဆင့် ဝင်သည်ဟု လည်း ဆိုသည်။ ထိုသူများကို အဘယ်ကြောင့် ဘောလုံး ဟု ခေါ်သည်ကို ကား တိတိပပ မသိ။
ထိုသူများသည် ခရီးလမ်းတလျှောက် အကန်အကျောက်ခံရ မည့်သူများဟု ဆိုသည်လည်း ဖြစ်တန်ရာသည်။
ဘောလုံး ဟုခေါ်ကြသည်မှာ ယနေ့ခေတ်မှ ပေါ်လာသော အသုံးနှုန်း အသစ်တော့မဟုတ်။ ၂၀၁၀ နိုင်ငံရေး အပြောင်းအလဲမတိုင်မီကပင် ထိုင်းသို့ အောက်လမ်းမှ သွားသူများအကြား အသုံးတွင်နေခဲ့ပြီဖြစ်သည်။
သို့သော် ၂၀၁၀ နောက်ပိုင်း ပြည်ပ နိုင်ငံများသို့ (အထူးသဖြင့် ထိုင်းနိုင်ငံသို့) တရားဝင် သွားလာရန် လွယ်ကူလာသည့် အချိန်တွင် ထိုအသုံး အနှုန်း ပျောက်သွားသလိုရှိခဲ့သည်။ အာဏာသိမ်းပြီး နောက်ပိုင်းတွင်မူ ဘောလုံး အခေါ်အဝေါ်မှာ ပြန်၍ တွင်ကျယ်လာပြန်တော့သည်။
လူတယောက်သည် ပြည်ပသို့ အောက်လမ်းမှတဆင့် ထွက်မည်ဟု ပွဲစားတဦးဦးနှင့်ချိတ်လိုက်သည်နှင့် ထိုလူသည် ဘောလုံး စာရင်းဝင်နေပြီဖြစ်သည်။
ထိုပွဲစားက ယင်း၏ အချိတ်အဆက်များဖြင့် ပြည်ပသို့ ထွက်မည့်သူများကို အဆင်ပြေရာ ကား၊ ဆိုင်ကယ်၊ လှေ အစရှိသည့် ယာဉ်တမျိုးမျိုးဖြင့် လာကြိုကာ အလိုရှိရာနေရာသို့ ပို့ဆောင်မည်ဖြစ်သည်။
ထိုသို့ပို့ဆောင်ရာ ခရီးလမ်းတလျှောက်တွင် ပြည်ပထွက်မည့်သူများသည် ဘောလုံး ဟု ရည်ညွှန်းခံရသည်။
ထိုသူများစီးသော ကားကို ဘောလုံး ကား၊ လှေကို ဘောလုံးလှေ၊ ဘောလုံး ဆိုင်ကယ် ဟုခေါ်သည်။ ပြွတ်သိပ်၊ ကျပ်ညှပ်စီးကြရသော အခြေအနေမျိုးကြုံရနိုင်သည်။ ယာဉ်မတော်တဆမှုများလည်း ကြုံတွေ့ရတတ်သည်။
ဘောလုံး ဂိတ်များဟုလည်းအခေါ်ရှိသည်။ ပြည်ပသို့အောက်လမ်းက သွားမည့် ဘောလုံး များကို အထူးရည်ရွယ်၍ စစ်ဆေးခြင်း၊ ငွေကြေးကောက်ခံခြင်း ပြုသည့် ဂိတ်များကို ခေါ်ခြင်းဖြစ်သည်။
အခန့်မသင့်လျှင် ဘောလုံးများမှာ ထိုဂိတ်မျိုးများတွင် အရစ်ခံရခြင်း၊ ပစ္စည်းများ သိမ်းဆည်းခံရခြင်း၊ အဖမ်းခံရခြင်း၊ နှိပ်စက်ကလူ အပြုခံရခြင်း အစရှိသည့် ကြမ္မာဆိုးမျိုး ကြုံရနိုင်သည်။ စကစနှင့် လက်နက်ကိုင်အဖွဲ့အစည်းအချို့ ကလည်း ဘောလုံးဂိတ်များ ဖွင့်ထားကြသည်။
ဘောလုံး ဖြစ်ရန်ကား မြန်မာကျပ်ငွေ သိန်း ဆယ်ချီကုန်သည်။ သွားမည့်နေရာ၊ နယ်မြေအခြေအနေ၊ လမ်းကြောင်းများအလိုက် ကုန်ကျစရိတ်နှင့် ခရီးလမ်းကြာချိန်ကွာသည်။
မှတ်ပုံတင်ရှိ/မရှိ၊ နေထိုင်ရာ အရပ်ဒေသ၊ အသက်အရွယ်၊ လူမျိုး၊ ကိုးကွယ်ရာ၊ လိင်၊ ရုပ်ရည်ရူပကာ လိုက်၍လည်း ကုန်ကျစရိတ် ကွာတတ်သည်။ အချို့မှာ ထိုင်းဘတ် သောင်းချီ၍ နင့်နေအောင်ပေးကြရသည်။
ပွဲစားများကို ငွေများများပေးနိုင်လျှင် အနည်းငယ် သက်သာချောမွေ့သော လမ်းကြောင်းများကို ရွေးပေးလေ့ရှိသည်။ ငွေအားနည်းလျှင်မူ ကြမ်းတမ်းသော ခရီးများကို ပိုကြုံရလေ့ရှိသည်။
မည်သို့ပင်ဆိုစေကာမူ ဘောလုံးအဖြစ်သွားရသော လမ်းခရီးကား ခရီးလမ်းဖြောင့်တန်းမည်၊ ဘေးကင်းမည်၊ သွားလိုရာရောက်မည်၊ သတ်မှတ်ရက်အတွင်း ရောက်မည် အစရှိသည့် မည်သည့် အာမခံချက်မျှ အပြည့်မရှိနိုင်ပေ။
ဘောလုံး သယ်သော ပွဲစားများ၊ ကားသမား၊ အကြိုအပို့သမားများကလည်း ဘောလုံးဂိတ်များ၊ ဆိုင်ရာ ပိုင်ရာ နယ်စား ပယ်စားများကို ကြို၍ အကြောင်းကြားထားရသည်။ လမ်းရှင်းကြေးများ တောင်းသမျှကို ညှိနှိုင်း၍ ပေးထားရသည်။
သို့သော် ထိုဂိတ်များက ဘောလုံးများကို ဘေးဥပဒ် မပြုဟု အာမဘန္တေမခံနိုင်။
ဘောလုံးများအတွက် ခရီးလမ်းတွင် တည်းခို၊ နားနေ၊ စားသောက်ရန်အတွက်လည်း ပို့ဆောင်သူက စဉ်းစားပြင်ဆင်ပေးရသည်။ အစားအသောက်အတွက်မူ ခရီးသည်များက ကုန်ကျခံရသည်သာ များသည်။
ဘောလုံးများကို ဦးတည်ရောင်းချသော ဆိုင်များတွင် ကုန်ဈေးနှုန်းမှာ ပုံမှန်ထက် ဈေးမြင့်နေတတ်သည်။ ထို့အပြင် ခရီးလမ်းတလျှောက်တွင် ဘောလုံးများအနေဖြင့် ပို့ဆောင်သူက စီစဉ်သလိုသာ နေကြ စားကြ ရခြင်းမျိုးဖြစ်သည်။
ဘောလုံးဘဝတွင် ဖြစ်သလို ထိုးထားသော မြေစိုက်တဲ ကလေးမျိုးတွင်လည်း ညအိပ်ရနိုင်သည်။ အိမ်သာမရှိ၊ လျှပ်စစ်နတ္ထိ၊ ရေမိုးချိုးရန် အခွင့်အလမ်းမရှိ သော အခြေအနေမျိုးကြုံကြရသည်။
သစ်ပင်၊ ဝါးရုံများ အောက်တွင်လည်း အိပ်ရနိုင်သည်။ဆိုးဝါးလှသော လမ်းများကြုံကြရသည်။ ကားပျက်သွား၍ ကားတွန်းရ၊ ဆွဲရ၊ ခြေလျင်၊ တောင်တက်၊ ချောင်းကူး၊ မြစ်ဖြတ်၊ တောတိုး ရသော စွန့်စားခန်းများလည်းရှိသည်။
တောတောင်ထဲက ရောဂါဘယများရနိုင်သည်။ ဝယ်စားရန် တည်းခိုရန် စားစရာ တည်းစရာ မရှိသော နေရာမျိုးတွင် ခရီးဖင့်နေသည် ကိုလည်း ကြုံရနိုင်သည်။
လုံခြုံရေး အခြေအနေမကောင်း ၊ လမ်းပိတ်၊ ဂိတ်ပိတ်ထား သဖြင့် နေရာတခုတွင် ကာလကြာ သောင်တင်နေတတ်သည်။ မတော်လျှင် သေနတ်နှင့် အပစ်ခတ်ခံရ တတ်သည်။
အမျိုးသမီးများသည် ဘောလုံး အဖြစ် ခရီးသွားလျှင် လိင်ပိုင်းဆိုင်ရာ ထိပါး နှောင့်ယှက်မှု များ နှင့် အစော်ကားခံရသော အဖြစ်ဆိုးမျိုးလည်း ကြုံရနိုင်သည်။
ဘောလုံးအချို့မှာ ပွဲစား၊ အဆက်သွယ်များ ဆိုသူအချို့၏ လိမ်ညာခြင်း၊ လူကုန်ကူခြင်းမျိုးကိုလည်းခံကြရသည်။ ထိုထိုသော ကြမ္မာမျိုးစုံနှင့် အထုအထောင်း အကန်အကျောက် ခံကြရသည့် ဘောလုံး များ ဘဝဖြစ်သည်။
ဤသို့သော ဘောလုံးဘဝ ဒုက္ခသုက္ခများကို လူအတော်များများ သိကြသည်သာဖြစ်သည်။ တဖက် နိုင်ငံများသို့ အထောက်အထားမဲ့ သိမ်ငယ်ကြောက်လန့်စွာ ဝင်ရောက်နေကြရသည်။
ဘောလုံး ဆိုသည်နှင့် နည်းမျိုးစုံဖြင့် အမြတ်ထုတ်မည့်သူများက တန်းစီနေသည်။ ဘောလုံးများအပေါ် အမြတ်ထုတ်၍ လက်ဖျားငွေသီးနေသူတွေ ရှိသည်။ သူတို့ လက်ခုပ်ထဲက ရေလို သဘောထားတတ် ကြသည်။
လူဂုဏ်သိက္ခာ၊ လူ့အခွင့်အရေး၊ လူ့ကျင့်ဝတ် များမှာ ဘောလုံးများ၏ ဘဝနှင့် မဆိုင်သလိုပင် ဖြစ်နေသည်။ ဘောလုံးများသည် အဆင်မချောသော ဘဝအကြောင်းပေါင်းစုံကြောင့် အိမ်မှ ထွက်ခွာ လာသူများဖြစ်သည်ကို ကရုဏာ သက်ကြသူတွေနည်းလှသည်။
ဘောလုံးကိစ္စကို လေ့လာစရာ ပညာရပ်တခုအနေဖြင့် ကြည့်လျှင် ရွှေ့ပြောင်းသွားလာမှု (migration) ကိစ္စဟုဆိုနိုင်သည်။ ခေတ်ကာလဆိုးဝါးလာသောအခါ ဘောလုံးတွေများလာသည်။
ဘောလုံး လမ်းကြောင်း၊ ဘောလုံးဂိတ် နှင့် ဆက်စပ်သော ဘောလုံး စီးပွားရေးများ ဖြစ်လာသည်။ လူတွေ ဘာကြောင့် ဘောလုံး ဖြစ်လာကြရသလဲ။ တရက် တလ တနှစ်အတွင်း ကိုယ့်နိုင်ငံမှ ထွက်သွားသော ဘောလုံးအရေအတွက်၊ ယင်းတို့၏ အသက်အရွယ်၊ လိင်၊ လူမျိုး၊ ကိုးကွယ်ရာ၊ နေထိုင်ရာဒေသ၊ အလုပ်အကိုင်၊ နောက်ခံ အစရှိသည်တို့ကို စနစ်တကျ သုံးသပ်လေ့လာ၍ ရသော ကိစ္စဖြစ်သည်။
မြန်မာနိုင်ငံအခြေအနေနှင့်ဆိုလျှင်တော့ ဘောလုံး များစွာ ထွက်လာကြသည့် ထင်ရှားနေသော အကြောင်းများစွာရှိနှင့်နေပြီးသားဖြစ်သည်။
စစ်အာဏာသိမ်းပြီးနောက် ယိုယွင်းလာသော လူမှု စီးပွား အခြေအနေများ၊ တည်ငြိမ်လုံခြုံမှု အားနည်း ယိုယွင်းလာသောနေရာများ၊ စစ်မှုထမ်း ဥပဒေများ၊ စစ်ပွဲများ၊ ရေကြီး၊ မုန်တိုင်း၊ ငလျင် စသော သဘာဝဘေးများ အစရှိသည့် အကြောင်းရင်းကြီးများ များစွာရှိနေသည်။
စီးပွားရေး ခက်လာသောအခါ အိမ်တွင် စီးပွားရှာသူများ ဘောလုံး အရင်ဖြစ်လာကြသည်။ စကစ စစ်မှုထမ်းဥပဒေ ထုတ်သောအခါ စစ်မှုထမ်းအကျုံးဝင်သူ အမျိုးသား ဘောလုံး များစွာ ထွက်လာသည်။ နိုင်ငံရေးခံယူချက်ကြောင့် ရန်ရှာခံရသူများ၊ တရားစွဲဆိုခံရသူများ၊ စီဒီအမ်ဝန်ထမ်းအချို့ ဘောလုံးဖြစ်ကြရသည်။
စစ်မီးကြောင့် ရပ်ရွာဒေသတွင် နေထိုင်၍ မရတော့ သဖြင့် မလုံခြုံတော့သဖြင့် လူအချို့ ဘောလုံး ဖြစ်လာသည်။ စကစက အကြောင်းမျိုးစုံဖြင့် နိုင်ငံကူးလက်မှတ်များထုတ်ပေးမှု ကန့်သတ်ခြင်း၊ ခရီးသွားခွင့်ပိတ်ပင်ခြင်း၊ ခရီးသွားများကို စစ်ဆေး ဖမ်းဆီးခြင်းများကလည်း ဘောလုံးလောက ကြီးထွားလာစေသည့် အကြောင်းအရင်းဖြစ်သည်။
နိုင်ငံခြားသို့ တရားဝင် အထောက်အထားဖြင့် ခရီးသွားရန်လွယ်ကူခဲ့စဉ် ဘောလုံး လောက အားနည်းသွားခဲ့ဖူးသည်။ အထောက်အထားပြည့်စုံစွာသွား၍ ရသဖြင့်လည်းကောင်း၊ ချောမွေ့ ဘေးကင်းသော ခရီးလမ်းကို ရွေးချယ်ခွင့်ရှိ၍လည်းကောင်း ဘောလုံးအဖြစ်ကို တတ်နိုင်သမျှ မရွေးခဲ့ကြ။
ကိုယ့်အိမ် ကိုယ့်ရာ ကိုယ့်ဒေသမှာ အဆင်ပြေ၍ တရွာမပြောင်းလည်း သူကောင်း ဖြစ်နိုင်သော အခြေအနေအတွင် ဘောလုံး အဖြစ်နှင့် နိုင်ငံခြားထွက်မည်ဆိုသည်က ရှားလှသည်။
တကယ်တော့ ဘောလုံးခရီးသွား တဦး၏ ထိုင်းနိုင်ငံသို့ အောက်လမ်းမှ ဝင်ရောက်သည့် စရိတ်က တရားဝင် နိုင်ငံကူးလက်မှတ်ဖြင့် ထိုင်းသို့ လေယာဉ်စီးသွားသည့် ကုန်ကျစရိတ်ထက်ပင် များနေသော အနေအထားမျိုးဖြစ်သည်။
ဤသို့ ကုန်ကျစရိတ်များစွာနှင့် မလုံခြုံသောလမ်း၊ အထုအထောင်း အကန်အကျောက်များစွာ ရှိသော၊ ဘေးဥပဒ်မကင်းသော ဘောလုံး အဖြစ်သွားရသော ခရီးလမ်းကိုသာ ရွေးနေကြရခြင်းကား တအိအိ ပြိုလဲကျနေသော တိုင်းပြည်တခု၏ ပြယုဂ်လည်း ဖြစ်သည်မဟုတ်ပါလော။
ခင်ချောဦး







