BREAKING
October 18, 2025

ကမ္ဘာ့အပူချိန်နှင့် ပင်လယ်ရေမြင့်တက်မှု အရှိန်မြန်လာဟု သိပ္ပံပညာရှင်များ သတိပေး

June 26, 2025

ဓာတ်ပုံ - Unsplash

ကမ္ဘာ့ပျမ်းမျှအပူချိန်သည် လာမည့် ၃ နှစ်ခန့်အတွင်း ၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်စ်ထက် ကျော်လွန်သွားနိုင်ကြောင်း ကမ္ဘာ့ထိပ်တန်းရာသီဥတုသိပ္ပံပညာရှင်များ၏ နောက်ဆုံးထွက်ပေါ်လာသည့် အစီရင်ခံစာက သတိပေးလိုက်သည်။

ကမ္ဘာ့လေထုထဲသို့ ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် လေထုညစ်ညမ်းစေသည့် အခြားဓာတ်ငွေ့များ ထုတ်လွှတ်မှုပမာဏက လက်ရှိနှုန်းအတိုင်း ဆက်ရှိနေလျှင် ကမ္ဘာ့ပျမ်းမျှအပူချိန် ယင်းသို့ မြင့်တက်သွားနိုင်ကြောင်း အဆိုပါ အစီရင်ခံစာက ဖော်ပြသည်။

“မကြုံစဖူး အပြောင်းအလဲတွေ ကျွန်တော်တို့ မြင်နေရတယ်။ ကမ္ဘာ့အပူချိန်မြင့်တက်မှုနဲ့ ပင်လယ်ရေမြေမျက်နှာပြင်မြင့်တက်မှု အရှိန်မြန်လာတွေကိုလည်း ကျွန်တော်တို့ မြင်နေရတယ်” ဟု အဆိုပါ အစီရင်ခံစာကို ဦးဆောင်ရေးသားခဲ့သည့် ဗြိတိန်နိုင်ငံ ၊ University of Leeds မှ ရာသီဥတုသိပ္ပံပညာရှင် ပါမောက္ခ Piers Forster က ဆိုသည်။

အဆိုပါ အပြောင်းအလဲများကို ကြိုတင်ခန့်မှန်းထားခဲ့သည်မှာ အချိန်အတော်ကြာရှိခဲ့ပြီဖြစ်ကြောင်း ၊ အဓိကအကြောင်းအရင်းမှာ ကမ္ဘာ့လေထုညစ်ညမ်းမှုမြင့်တက်လာခြင်းပင်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ကမ္ဘာ့အပူချိန်မြင့်တက်မှု ၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်စ်ထက် ကျော်လွန်သွားလျှင် ကမ္ဘာအနှံ့တွင် လက်ရှိဖြစ်ပေါ်နေသည့် အစွန်းရောက်ရာသီဥတုအခြေအနေများ ပိုမိုပြင်းထန်လာပြီး ဖြစ်ပွားမှု အရေအတွက်လည်းပိုများလာမည် ဖြစ်သည်။

ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှုသည် ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင်ကိုလည်း လျှင်လျှင်မြန်မြန် မြင့်တက်စေပြီး ကမ်းရိုးတန်းဒေသ လူ့အဖွဲ့အစည်းများ၏ ရှင်သန်ရေးကို ခြိမ်းခြောက်လာသည်။

ကမ္ဘာ့ပျမ်းမျှအပူချိန်မြင့်တက်မှုကို ၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်စ်ထက် မကျော်လွန်သွားစေရန် ထိန်းသိမ်းမည်ဟု နိုင်ငံပေါင်း ၂၀၀ နီးပါးက ၂၀၁၅ ခုနှစ်တွင် သဘောတူကတိပြုခဲ့ကြသည်။

ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှု၏ အဆိုးရွားဆုံး ရိုက်ခတ်မှုများကို ရှောင်လွှဲရန် ရည်ရွယ်ချက်ဖြင့် ကတိပြုခဲ့ကြခြင်း ဖြစ်သော်လည်း နိုင်ငံတော်တော်များများတွင် ကျောက်မီးသွေး ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ အသုံးပြုမှု စံချိန်တင်မြင့်တက်ခဲ့ကာ သစ်တောခုတ်ထွင်မှုများလည်း လုပ်ဆောင်နေခဲ့ကြသည်။

ကမ္ဘာ့လေထုထဲသို့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ပမာဏ နောက်ထပ်တန်ချိန် ၅၀၀ ဘီလီယံထုတ်လွှတ်လိုက်လျှင် ကမ္ဘာ့ပျမ်းမျှအပူချိန်မြင့်တက်မှုသည် ၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်စ်ထက် ကျော်လွန်သွားတော့မည်ဟု သိပ္ပံပညာရှင်များက ၂၀၂၀ ပြည့်နှစ် အစောပိုင်းတွင် ခန့်မှန်းခဲ့ကြသည်။

လက်ရှိအချိန်(၂၀၂၅ ခုနှစ်) အထိ ကမ္ဘာ့လေထုထဲသို့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ပမာဏ ၃၇၀ ဘီလီယံထုတ်လွှတ်ထားပြီးဖြစ်ရာ ထပ်မံ၍တန်ချိန် ၁၃၀ ဘီလီယံထက် ကျော်လွန်ထုတ်လွှတ်ခဲ့လျှင် ကမ္ဘာ့ပျမ်းမျှအပူချိန် ၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်စ်ထက် ကျော်လွန်သွားတော့မည် ဖြစ်ကြောင်း သိရသည်။

Source: BBC