ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖော်ခရိုင်တွင် အဝေးပြေးဘတ်စ်ကားပေါ် လိုက်ပါလာသော တရားမဝင် နေထိုင်နေသည့် မြန်မာနိုင်ငံသား ၅၀ နီးပါးကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ယနေ့ ဇွန်လ ၂၆ ရက် နံနက် ၃ နာရီခွဲက ဘန်ကောက်မြို့မှ ကရဘီသို့ ပြေးဆွဲနေသော အဝေးပြေးဘတ်စ်ကားတစ်စီးကို ထိုင်းရဲတပ်ဖွဲ့က တားဆီးစစ်ဆေးစဉ် မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရခြင်းဖြစ်သည်။
ဘတ်စ်ကားကို ရဲတပ်ဖွဲ့များက ရပ်တန့်စစ်ဆေးခံရန် အချက်ပြစဉ် ကားသည် အစစ်အဆေးမခံဘဲ မောင်းပြေးခဲ့သဖြင့် ရဲတပ်ဖွဲ့က နောက်ကလိုက်၍ ရပ်တန့်ဖမ်းဆီးခဲ့ရသည်။
ကားသမားသုံးဦးကို အပြင်ခေါ်ထုတ်၍ စစ်ဆေးစဉ် မသင်္ကာဖွယ်ရာ အပြုအမူများကို တွေ့ရသဖြင့် ရဲတပ်ဖွဲ့က ကားပေါ်လိုက်ပါလာသူများကို စစ်ဆေးခဲ့ရာမှ အထောက်အထားမဲ့ မြန်မာများကို ဖမ်းဆီးမိခြင်းဖြစ်သည်။
ကားပေါ်တွင် မြန်မာနိုင်ငံသား အမျိုးသား ၃၀ ဦး၊ အမျိုးသမီး ၁၆ ဦးနှင့်အတူ ကလေးငယ်တစ်ဦး စုစုပေါင်း ၄၇ ဦးလိုက်ပါလာပြီး အားလုံးတွင် နေထိုင်ခွင့် စာရွက်စာတမ်းများကို မတွေ့ရကြောင်း ဖော်ပြသည်။



မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံသားများနှင့်အတူ ကားပေါ်လိုက်ပါလာကြပြီး ၎င်းတို့အနက် ၂၀ ဦးက ကားလက်မှတ်ဖြတ်၍ ကားဝင်းမှတစ်ဆင့် လိုက်ပါလာကြကြောင်း ဖော်ပြထားသည်။
ကျန် ၁၀ ဦးက ကားမောင်းသမားထိုင်ခုံနောက်က လိုက်ပါလာကြပြီး ၅ ဦးက ခရီးဆောင်အိတ်များ ထားရှိရာ ကားအောက်ပိုင်းတွင် လိုက်ပါလာကြကာ ကျန် ၁၁ ဦးက ကားထိုင်ခုံနေရာများတွင် အခြားခရီးသည်များနှင့် ရော၍ လိုက်ပါလာခြင်းဖြစ်သည်။
မြန်မာနိုင်ငံသားများတွင် နိုင်ငံကူးလက်မှတ်မရှိကြကြောင်း၊ ၎င်းတို့အနက် ၂၀ ဦးကို ထိုင်းတောင်ပိုင်းကားကွင်း (စိုင်တိုင်းမိုင်) မှ ခေါ်ဆောင်လာခြင်းဖြစ်ကြောင်း ကားသမားများ၏ ဝန်ခံချက်ကို ဖော်ပြထားသည်။
ထိုင်းပွဲစားမှတစ်ဆင့် နေထိုင်ခွင့် အထောက်အထားမရှိသော မြန်မာနိုင်ငံသားများကို ပို့ဆောင်ပေးရန် ငှားရမ်းခဲ့သဖြင့် ကားဝင်းမှထွက်ပြီး စမွတ်စခွန်နှင့် စမွတ်စွန်ခရမ်ခရိုင်ရှိ လမ်းနှစ်နေရာတွင် မြန်မာနိုင်ငံသားများကို ခေါ်တင်ပေးခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံချက်တွင် ဖော်ပြသည်။
မြန်မာနိုင်ငံသားများကို စူရတ်ဌာနီခရိုင်သို့ ပို့ဆောင်ပေးရမည်ဖြစ်ပြီး ပို့ဆောင်ခအတွက် ဘတ် ၅၀၀၀၀ ရရှိမည်ဟုဆိုသည်။
ထို့ကြောင့် ထိုင်းကားသမားသုံးဦးနှင့်အတူ မြန်မာနိုင်ငံသားများကို ချွန်ဖော်ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြသည်။
Ref: CH 7, ချွန်ဖော်ရဲတပ်ဖွဲ့







