ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မဟာချိုင်တွင် မြန်မာလုပ်သား ၄၀၀နီးပါး အလုပ်ထုတ်ခံရ

June 26, 2025

ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသရှိ ကလေးအသုံးအဆောင်ပစ္စည်းများထုတ်လုပ်သည့် စက်ရုံက မြန်မာလုပ်သား ၄၀၀ နီးပါးကို အလုပ်ထုတ်ခံရကြောင်း ကာယကံရှင် အလုပ်သမားအချို့ထံမှ သိရသည်။

ထိုင်းယူနစ်ဒေသရှိ ZENITH INFANT PRODUCTS ကုမ္ပဏီပိုင် အထက်ပါစက်ရုံတွင် အလုပ်လုပ်နေသည့် မြန်မာလုပ်သား ၄၀၀ နီးပါးကို ဇွန်လ ၂၄ ရက်က အလုပ်ထုတ်ခဲ့ကြောင်း အလုပ်ထုတ်ခံရသည့် အလုပ်သမားအချို့က ဆိုသည်။

အလုပ်ထုတ်ခံရသည့် အလုပ်သမားတစ်ဦးလျှင် ဘတ်သုံးသောင်းစီ အလုပ်ထုတ်လျော်ကြေးပေးကာ အလုပ်ထုတ်ခဲ့ကြောင်း အလုပ်သမားတစ်ဦးက ဆိုသည်။

ထိုင်းနိုင်ငံအတွင်း ကိုဗစ်ကူးစက်မှုများလာခြင်းနှင့် ထိုင်း-ကမ္ဘောဒီယားနယ်စပ်တွင် အငြင်းပွားမှုပြဿနာများကြောင့် စက်ရုံတွင် အမှာအော်ဒါနည်းပါးလာသည်ဟုဆိုကာ စက်ရုံဘက်က အလုပ်ထုတ်ခဲ့သည်ဟုသိရကြောင်း ကာယကံရှင် အလုပ်သမတစ်ဦးက ပြောဆိုသည်။

“သူတို့ဘက်က အလုပ်ထုတ်တယ်ဆိုတော့ လျော်ကြေးရတယ်ဆိုပေမယ့် သူတို့ဆီမှာ အလုပ်စဝင်တုန်းက အလုပ်စမတ်ခက တစ်သောင်းကျော်တယ်။ အခုလည်း စက်ရုံက စာအုပ်သက်တမ်းတိုးပေးမယ်ဆိုပြီး အလုပ်မထုတ်ခင်တုန်းက တစ်သောင်းကျော် ပေးထားရတယ်။ ကုန်တာနဲ့ ပြန်ရတာ မကာမိပါဘူး” ဟု ၎င်းက ပြောသည်။

အဆိုပါစက်ရုံတွင်အလုပ်ရုံနှစ်ရုံရှိပြီး ထိုင်းနှင့် မြန်မာ အလုပ်သမားဦးရေ ထောင်ဂဏန်းအထိရှိသည့်အနက် မြန်မာလုပ်သား ၄၀၀ ခန့်ကို အလုပ်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း အထက်ပါအလုပ်သမက ဆိုသည်။

“အလုပ်သစ်ပြန်ရှာဖို့ဆိုတာကလည်း မလွယ်ဘူး။ စာအုပ်တွေကလည်း သက်တမ်းမတိုးရသေးဘူးလေ။ တခြားစက်ရုံတွေ ဝင်ဖို့ဆိုတာလည်း အဆင်မပြေဘူး။ ဘယ်လိုရှေ့ဆက်ရမယ် မသိသေးဘူး” ဟု အလုပ်ထုတ်ခံရသည့် အလုပ်သမအခြားတစ်ဦးက ပြောသည်။

လက်ရှိတွင် ထိုင်းနိုင်ငံရှိ စက်ရုံအလုပ်ရုံအချို့မှာ အလုပ်သမားလျှော့ချခြင်း၊ အလုပ်ရပ်နားခြင်းများ ခပ်စိပ်စိပ်ရှိနေပြီး မြန်မာလုပ်သားများ အလုပ်ထုတ်ခံနေရသည်။

ထိုင်းနိုင်ငံအရှေ့ပိုင်း၊ ချာချင်စောင်ခရိုင်ရှိ မီးကြိုးအဟောင်းစက်ရုံတွင် လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား ၁၈၀ ဦးကိုလည်း စက်ရုံပိတ်တော့မည်ဆိုကာ ဇွန်လ ၁၅ရက်တွင် ရုတ်တရက် အလုပ်ထုတ်ခံရသည်။

စက်ရုံဘက်က နစ်နာကြေးပေးခြင်းမရှိခြင်း၊ လက်ကျန်လုပ်အားခများကို မထုတ်ပေးသည့်အပြင် ပန်းရောင်ကတ်အသစ်နှင့် ဗီဇာသက်တမ်းတိုး ကိစ္စကိုလည်း တာဝန်ယူပေးခြင်းမရှိသောကြောင် အခက်အခဲများစွာကြုံနေရကြောင်း အလုပ်သမားများထံမှ သိရသည်။