BREAKING
October 18, 2025

တရုတ်အနောက်တောင်ပိုင်းတွင် ရေကြီးမှုကြောင့် လူ ရှစ်သောင်းကျော် နေရပ်စွန့်ခွာ

June 26, 2025

တရုတ်နိုင်ငံအနောက်တောင်ပိုင်းတွင် ရေကြီးမှုကြောင့် လူပေါင်း ရှစ်သောင်းကျော် နေရပ်စွန့်ခွာရွှေ့ပြောင်းနေရကြောင်း တရုတ်အစိုးရပိုင် မီဒီယာက ဇွန်လ ၂၅ ရက်တွင် ထုတ်ပြန်လိုက်သည်။

လက်ရှိတွင် တရုတ်နိုင်ငံသည် ရာသီဥတုအလွန်ဆိုးရွားပြင်းထန်လွန်းသည့် နွေရာသီကို ဖြတ်သန်းနေရကြောင်း AFP သတင်းတစ်ရပ်တွင် ဖော်ပြသည်။

နိုင်ငံ၏ ဒေသအချို့တွင် အင်မတန်ပူပြင်းသည့် နွေရာသီကို ကြုံတွေ့နေရပြီး အခြားဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် မုန်တိုင်းဒဏ်ကို ခံစားနေရကြောင်း သိရသည်။

ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့ ထုတ်လွှတ်မှုကြောင့် ပိုမိုဆိုးရွားလာသည့် ရာသီဥတုဖောက်ပြန်မှုသည် အစွန်းရောက်ရာသီဥတုအခြေအနေများကို ပိုမိုပြင်းထန်လာစေပြီး ပိုမိုအဖြစ်များလာစေကြောင်း သိပ္ပံပညာရှင်များက သတိပေးထားသည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်တွင် အင်္ဂါနေ့ မွန်းလွဲပိုင်းအထိ လူပေါင်း ၈၀,၉၀၀ ဝန်းကျင်ကို ဘေးလွတ်ရာသို့ ကယ်ဆယ်ရွှေ့ပြောင်းထားရကြောင်း တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြထားသည်။

ယခု ရေကြီးမှုသည် “အနှစ် ၅၀ ကြာမှ တစ်ခါ ကြုံရသည့် ဖြစ်ရပ်မျိုး” ဟု ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ကွေ့ကျိုးပြည်နယ် သဘာဝဘေးဒဏ်ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် တရုတ်အစိုးရက ယွမ် သန်း ၁၀၀ (အမေရိကန်ဒေါ်လာ ၁၄ သန်းဝန်းကျင်) သုံးစွဲရန် စီစဉ်ထားကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။

ကွေ့ကျိုးပြည်နယ်နှင့် အနီးပတ်ဝန်းကျင်ရှိ ဂွမ်ရှီပြည်နယ်တွင်လည်း ရေကြီးမှု ဖြစ်ပေါ်နေသည်။

ပြီးခဲ့သည့်အပတ်တွင် တရုတ်နိုင်ငံအလယ်ပိုင်း ဟူနန်ပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူထောင်ပေါင်းများစွာကို ရွှေ့ပြောင်းထားရသည်။

ယင်းမတိုင်ခင် ရက်အနည်းငယ်ခန့်ကလည်း တရုတ်နိုင်ငံတောင်ပိုင်းတွင် တိုင်ဖွန်းမုန်တိုင်းဝူတစ်ကြောင့် ရေကြီးမှု ဖြစ်ပွားကာ လူပေါင်း ခုနစ်သောင်းနီးပါးကို ရွှေ့ပြောင်းကယ်ထုတ်ခဲ့ရသည်။

ပြီးခဲ့သည့်အပတ်တွင် တရုတ်အာဏာပိုင်များက ဒေသ ခြောက်ခုတွင် ရေကြီးမှု သတိပေးချက်အနီရောင်အဆင့် ထုတ်ပြန်ထားသည်။

ယင်းမှာ ယခုနှစ်အတွင်း ပထမဆုံးအကြိမ် အနီရောင်အဆင့်သတိပေးချက် ထုတ်ပြန်မှု ဖြစ်သည်။