ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင် ပတ္တယားဒေသတွင် အလှပြင်ဆိုင်တွင် ဆံပင်ပြုပြင်နေသော မြန်မာအမျိုးသမီးသုံးဦးကို ဆိုင်ဝန်ထမ်းများက ငွေညှစ်ပြီး ပါးရိုက်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ပြီးခဲ့သော မေလ ၂၃ ရက်နေ့က မြန်မာအမျိုးသမီးသုံးဦးသည် ပတ္တယားဒေသရှိ အလှပြင်ဆိုင်တစ်ဆိုင်ထဲ ဝင်ရောက်လာပြီး ၎င်းတို့အနက် အမျိုးသမီးနှစ်ဦးသည် ဆံပင်ပြုပြင်ခဲ့ကြောင်း သတင်းတွင် ဖော်ပြချက်အရသိရသည်။
ဆံပင်ပြုပြင်ရန် နှစ်ဦးစာအတွက် ယွမ်ငွေ ၃၈၀၀ (၁၇၀၀၀ ဘတ်) ကုန်ကျမည်ဟု ဆိုင်ဝန်ထမ်းများကပြောသဖြင့် ၎င်းတို့နှစ်ဦးက သဘောတူခဲ့ပြီး ဆံပင်ပြုပြင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံ ထွက်ဆိုချက်အရ သိရသည်။
ဆံပင်ပြုပြင်ပြီးနောက် မြန်မာအမျိုးသမီးများက မူလက သတ်မှတ်ထားသော ယွမ်ငွေ ၃၈၀၀ (၁၇၀၀၀ ဘတ်) ကို ပေးချေပြီးသော်လည်း ဆိုင်ဝန်ထမ်းများက ငွေအပြည့်မပေးရသေးသဖြင့် ထပ်မံပေးချေရန်လိုအပ်ကြောင်း၊ မပေးပါက ရဲတပ်ဖွဲ့ကို တိုင်ကြားမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။
ထို့နောက် လုံခြုံရေးဝတ်စုံဝတ်ထားသော ထိုင်းအမျိုးသားလေးဦး ဆိုင်ထဲရောက်ရှိလာပြီး ၎င်းတို့က ပတ္တယားရဲတပ်ဖွဲ့ကဟုဆိုကာ မြန်မာအမျိုးသမီးများအား ဆံပင်ပြုပြင်ခအတွက် ကုန်ကျငွေ နောက်ထပ် ဘတ် ၂၀၀၀၀ ပေးဆောင်ရန် ထပ်မံငွေညှစ်တောင်းခံခဲ့သည်။
ယင်းသို့ ငွေညှစ်တောင်းခံစဉ် ဆိုင်ဝန်ထမ်း ထိုင်းအမျိုးသမီးတစ်ဦးက မြန်မာအမျိုးသမီးတစ်ဦးဆီလာပြီး ပါးရိုက်ခဲ့ကြောင်း ထွက်ဆိုချက်တွင် ဖော်ပြထားသည်။
ယင်းဝန်ထမ်းက ဆံပင်ပြုပြင်ခသည် ဘတ် ၂၀၀၀၀ နှင့် မလုံလောက်သေးကြောင်းဆိုပြီး မြန်မာအမျိုးသမီးများထံမှ နောက်ထပ် ယွမ်ငွေ ၅၀၀၀ (ဘတ် ၂၂၂၅၀) ကို ထပ်မံတောင်းခံခဲ့သဖြင့် မြန်မာအမျိုးသမီးများက ထပ်ပေးခဲ့ရသည်။
ထို့ကြောင့် မြန်မာအမျိုးသမီးသုံးဦးက ဆံပင်ပြုပြင်ခ ယွမ် ၃၈၀၀ အပြင် နောက်ထပ် ဘတ် ၂၀၀၀၀ နှင့် ယွမ် ၅၀၀၀ ကို ထပ်မံပေးဆောင်ခဲ့ရသဖြင့် အားလုံး ဘတ် ၆၀၀၀၀ နီးပါး ပေးချေခဲ့ရကြောင်း ရဲတပ်ဖွဲ့ထံ ထွက်ဆိုထားသည်။
ဆိုင်ဘက်က တောင်းခံသော ငွေကြေးအားလုံးကို ပေးဆောင်ပြီးမှသာ ဆိုင်ဝန်ထမ်းများက မြန်မာအမျိုးသမီးများကို ဆိုင်ထဲက ထွက်ခွင့်ပြုခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မေလ ၂၄ ရက်နေ့တွင် မြန်မာအမျိုးသမီးများက ပတ္တယားရဲတပ်ဖွဲ့ထံ လာရောက်တိုင်ကြားခဲ့သည်။
ယင်းနောက် မေလ ၂၅ ရက်နေ့က ရဲတပ်ဖွဲ့နှင့် လဝကတပ်ဖွဲ့များ ဆိုင်ထဲ ဝင်ရောက်စစ်ဆေးစဉ် ဆိုင်ထဲတွင် CCTV တပ်ထားခြင်းမရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့သည်။
အနီးအနားက CCTV မှတ်တမ်းများကို စစ်ဆေးပြီးနောက် ဖြစ်စဉ်တွင် ပါဝင်သူများကို ရဲစခန်းသို့ ခေါ်ယူစစ်ဆေးခဲ့ကြောင်း ပတ္တယားရဲစခန်းက ထုတ်ပြန်ထားသည်။
ရဲစခန်းသို့ ခေါ်ယူစစ်ဆေးခဲ့ပြီးနောက် ဆိုင်ပိုင်ရှင်က မြန်မာအမျိုးသမီးများကို ပြန်လည်တောင်းပန်ခဲ့ပြီး လျော်ကြေးငွေများ ပြန်လည်ပေးခဲ့ကာ ဥပဒေအရ အရေးယူမှုကို လက်ခံသွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။
သို့သော်လည်း မည်သည့်ဥပဒေဖြင့် အရေးယူသွားမည်ကို ရဲတပ်ဖွဲ့က ထုတ်ပြန်ထားခြင်းမရှိသဖြင့် မသိရသေးပေ။
Ref: CH 7, Pattya Police Station