ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မွန်တွင် အပူရှပ်ပြီး ဆေးရုံ၊ ဆေးခန်းရောက်သူများလာ၊ ဆီတန်းစီသူများ အထူးဂရုစိုက်ရန်တိုက်တွန်း

March 26, 2026

ပုံစာ - ပေါင်မြို့နယ်အတွင်း ဆီဝယ်ယူရန် နေပူထဲ တန်းစီနေကြသူများ။ Photo - ဒေသခံတစ်ဦး။

ပူပြင်းသည့် အပူချိန်ကြောင့် မွန်ပြည်နယ်အတွင်း အပူရှပ်ပြီး ဆေးရုံ၊ ဆေးခန်းတွင် လာရောက်ဆေးကုသမှုခံရသူ များလာ သည့်အပြင် အသက်သေဆုံးမှုလည်း ရှိလာကြောင်း ကျန်းမာရေးဝန်ထမ်းနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

မတ်လ ၂၃ရက်က သိမ်ဇရပ်မြို့တွင် ၃၉ ဒသမ ၄ ဒီဂရီဆဲလ်စီးယပ်၊ မော်လမြိုင်မြို့တွင် အပူချိန် ၃၈ ဒသမ ၈ ဒီဂရီဆဲလ်စီးယပ်၊ မုဒုံနှင့် သထုံမြို့နယ်များတွင်လည်း ၃၈ ဒီဂရီဆဲလ်စီးယပ်ရှိခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မတ်လ ၂၅ ရက်တွင်လည်း မော်လမြိုင်တွင် ၃၇ဒသမ၄ ဒီဂရီဆဲလ်စီးယပ်၊ ဘီးလင်းတွင် ၃၈ဒသမ၃ ဒီဂရီဆဲလ်စီးယပ်၊ သိမ်ဇရပ်တွင် ၃၈ဒသမ၄ ဒီဂရီဆဲလ်စီးယပ် ရှိကြောင်း မိုးဇလက မတ်လ ၂၆ရက်တွင် ထုတ်ပြန်ထားသည်။

မတ်လ ၂၃ရက်က ချောင်းဆုံမြို့နယ် (ဘီလူးကျွန်း) ၊ မုဒွန်းကျေးရွာက သက်လတ်ပိုင်းအမျိုးသားတစ်ဦး နေပူထဲ နာရီပေါင်း များစွာ စက်သုံးဆီတန်းစီပြီးနောက် ခေါင်းကိုက်ဝေဒနာခံစားရရာက အသက်သေဆုံးကြောင်း မုဒွန်းကျေးရွာမှ ဒေသခံများက ပြောသည်။

အပူရှိန်မြင့်တက်လာပြီးနောက် သတိလစ်ခြင်း၊ အပူရှပ်ခြင်းကြောင့် မော်လမြိုင်တွင် ဆေးရုံ၊ ဆေးခန်းတို့တွင် တက်ရောက် ဆေးကုမှု ခံယူရသူလည်း အများအပြားရှိနေကြောင်း ကျန်းမာရေးဝန်ထမ်းနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

“‌နေအပူရှိန်ကြောင့် အပူရှပ်တဲ့ လူနာတွေ တော်တော်များများ ဆေးရုံရောက်နေတာ တွေ့ရတယ်။ ဒါကြောင့်မို့လို့ အပြင်ထွက်ရင် ဂရုစိုက်ဖို့၊ နေကာတွေ ဝတ်ပေးဖို့ နောက်ပြီး သက်ကြီးရွာအိုတွေ အေးတဲ့နေရာမှာနေဖို့ ဒါတွေဂရုစိုက်ဖို့ လိုတယ်” ဟု မော်လမြိုင်မြို့မှ လူမှုကယ်ဆယ်ရေးအဖွဲ့တစ်ခု၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လတ်တလော ကြုံတွေ့နေရသည့် စက်သုံးဆီအခက်အခဲကြောင့် နေပူထဲတွင် အချိန်ကြာမြင့်စွာ စက်သုံးဆီ တန်းစီ စောင့်ဆိုင်း နေရသည့်အတွက် အပူရှပ်ခြင်းများဖြစ်လာနိုင်ကြောင်း ကျန်းမာရေးဝန်ထမ်းနှင့် လူမှုကယ်ဆယ်ရေး လုပ်သူများက ဆိုသည်။

အပူချိန်ကြောင့် အသက်သေဆုံးသည်အထိ ရှိနေသည့်အတွက် နေ့ခင်းဘက် အတတ်နိုင်ဆုံး အပြင်မထွက်ကြရန်နှင့် အေးပြီး အရိပ်ရသည့်နေရာတို့တွင် နေထိုင်ကြရန် လိုကြောင်း ကျန်းမာရေးဝန်ထမ်းအချို့က ပြောဆိုသည်။

“အပူချိန် မြင့်တက်နေတဲ့အတွက် ၁၀ နာရီနောက်ပိုင်း အပြင်မထွက်တာ အကောင်းဆုံးပါပဲ။ မဖြစ်မနေ ထွက်ရမယ် ဆိုရင်လည်း နေကာပေါ့ အင်္ကျီလက်ရှည်၊ ဦးထုတ်၊ ထီး၊ မျက်မှန်တွေ ဝတ်ပြီး ထွက်ကြပါ။ မပေါ့ဆသင့်ဘူး” ဟု မုဒုံမြို့နယ်မှ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

စစ်ကော်မရှင် လက်အောက်ရှိ ကျန်းမာရေးဝန်ကြီးဌာနကလည်း ပြည်သူများအနေဖြင့် မဖြစ်မနေ ခရီးသွားရပါက ထီး၊ ဦးထုပ်များ ဆောင်းရန်၊ တတ်နိုင်သမျှ အရိပ်ရသောနေရာများတွင် နေထိုင်ရန်၊ နေရောင်ခြည်နှင့် တိုက်ရိုက် မထိတွေ့စေရန်၊ အရောင်ဖျော့ပြီး ပွပွချောင်ချောင် ချည်ထည်များကို ဝတ်ဆင်ရန်နှင့် ရေများများသောက်ရန် တိုက်တွန်းနှိုးဆော်ထားသည်။

အပူရှိန်ကြောင့် မွန်ပြည်နယ်တွင် သောက်သုံးရေရှားပါးမှုပြဿနာနှင့်လည်း ရင်ဆိုင်ကြုံတွေ့နေကြရပြီး အထူးသဖြင့် ပင်လယ်နှင့် နီးသည့် ချောင်းဆုံ၊ ပေါင်မြို့နယ်တို့တွင် ရေးအခက်အခဲ စတင်ကြုံတွေ့နေကြရကြောင်း ဒေသခံများထံမှ သိရသည်။