ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရမ်းဖိုရွာတွင် ဂိတ်ချနေသည့် စစ်အာဏာရှင်တပ်ကို တော်လှန်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်

March 26, 2026

တနင်္သာရီမြို့နယ်၊ ရမ်းဖိုရွာ ပြည်ထောင်စုလမ်းမကြီးတွင် ဂိတ်ချစစ်ဆေးနေသည့် စစ်အာဏာရှင်တပ်သားများကို တော်လှန်ရေးတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မတ်လ ၂၅ ရက် ညနေ ၅ နာရီ ၅၀ မိနစ်တွင် ရမ်းဖိုရွာ၊ ဆီအုန်းကုန်း ပြည်ထောင်စုလမ်းမကြီး၌ ဂိတ်ချထားသည့် စစ်အာဏာရှင်တပ်သားများကို တော်လှန်ရေးတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“ဝင်ရောက်တိုက်ခိုက်တော့ (စစ်အာဏာရှင်တပ်) ဘက်က သုံးယောက် လမ်းမပေါ်မှာတင် လဲကျသွားတယ်” ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောသည်။

စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ မိနစ် ၃၀ ခန့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဇဝဲကျေးရွာအခြေစိုက် ခမရ (၅၅၆) တပ်ရင်းမှ လက်နက်ကြီးများဖြင့် ပစ်ကူပေးနေကြောင်း တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

ရမ်းဖိုရွာတွင် စစ်အာဏာရှင်တပ်သားများသည် ဂိတ်နှစ်ဂိတ်ချထားခြင်းဖြစ်ပြီး ရွာထဲတွင် တစ်ဂိတ်နှင့် ဆီအုန်းကုန်းတွင် တစ်ဂိတ်ဖြစ်ကြောင်း၊ ဆီအုန်းကုန်းဂိတ်ကို လွန်ခဲ့သည့် နှစ်ပတ်ခန့်မှ စတင်ချထားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“ဒီနေ့တော့ ဂိတ်ချစစ်ဆေးနေတာ မရှိဘူး။ အဲဒီဂိတ်က ချချင်တဲ့အချိန်ချတယ်။ ရွာထဲဂိတ်ကတော့ အမြဲချထားတယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။

စစ်အာဏာရှင်တပ်သားများ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်းနှင့် တော်လှန်ရေးတပ်ဖွဲ့များဘက်မှ ထိခိုက်မှုမရှိကြောင်း တော်လှန်ရေးအဖွဲ့များထံမှ သိရသည်။