ရန်ကုန်-ထားဝယ် လေးယောက်စီး အိမ်စီးကားခမှာ စျေးနှစ်ဆနီးပါးမြင့်တက်လာပြီး ခရီးစဉ်တစ်ကြောင်းလျှင် ကျပ်နှစ်သိန်းခွဲမှ သုံးသိန်းကြားအထိ စျေးပေးရကြောင်း ခရီးသည်များနှင့် ယာဉ်ပိုင်ရှင်များထံမှ သိရသည်။
မတ်လတတိယပတ်အထိ ခရီးသည်တစ်ဦးလျှင် ကျပ်တစ်သိန်းခွဲသာရှိရာမှ မတ်လ နောက်ဆုံးပတ်အတွင်း ယင်းသို့စျေးတက်လာကြောင်း ရန်ကုန်-ထားဝယ် လေးယောက်စီးကား ပြေးဆွဲနေသူ ယာဉ်မောင်းအမျိုးသားတစ်ဦးက ပြောသည်။
စက်သုံးဆီစျေးတက်ခြင်းနှင့် ဆီဝယ်ယူရခက်ခဲခြင်းတို့ကြောင့် စျေးတက်လာခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ရေးနဲ့ မော်လမြိုင်ကြားမှာဆိုရင် အခု အချိန်ကန့်သတ်ချက်ကြောင့် ကျွန်တော်တို့ ရောက်တဲ့အချိန် ဆီတန်းစီလို့ မရဘူး။ တော်တော်အခက်အခဲဖြစ်တယ်။ အပြင်စျေးနဲ့ ဝယ်ရတော့ ဆီဖိုးလည်း နှစ်ဆကျော်လောက်ကုန်တယ်” ဟု အထက်ပါ ယာဉ်မောင်းအမျိုးသားက ပြောဆိုသည်။
ဆီတန်းစီရသည့်အတွက် အချိန်ကြာမြင့်ခြင်းကြောင့် ယခုနောက်ပိုင်း လေးယောက်စီး ကားငယ်အချို့မှာ ရန်ကုန်အဝင် နောက်ကျပြီး အဆင်းကားအချို့မှာလည်း လမ်းခရီးတွင် ညအိပ်ရသည်အထိ ကြန့်ကြာမှုများ ရှိလာကြောင်း စုံစမ်း သိရသည်။
“ပုံမှန်ဆိုရင် ညနေ ၆ နာရီ ဝင်ရမယ့်ကားက ည ၉ နာရီလောက်မှ လိုက်ဝင်ရတယ်။ ညအိပ်ရတဲ့ ကားတွေ များလာတယ်။ ဆီတန်းရပြီဆို ညအိပ်ရပြီ။ အခု ဆီအခက်အခဲဖြစ်ပြီး နားလိုက်တဲ့ ကားတွေတောင် မနည်းတော့ဘူး” ဟု ကားသမား အခြားတစ်ဦးက ပြောသည်။
ခရီးသည်အချို့မှာလည်း ရန်ကုန်-ထားဝယ် အိမ်စီးကားများ ယခု သီတင်းပတ်အတွင်း ကားခစျေးတက်ခြင်းနှင့် အမှတ်-၈ ပြည်ထောင်စုလမ်းပိုင်း စစ်ရေးအခြေအနေတို့ကြောင့် ကားအစား လေယာဉ်ပြောင်းစီးနင်းသူများလည်းရှိလာကြောင်း စုံစမ်းသိရသည်။
ဖေဖော်ဝါရီလနှောင်းပိုင်းက ဖြစ်ပေါ်သည့် အမေရိကန်၊ အစ္စရေးနှင့် အီရန်စစ်ပွဲကြောင့် ကမ္ဘာတစ်ဝန်း လောင်စာဆီ အကြီးအကျပ် အခက်အခဲ ဖြစ်ပေါ် ပြီး စျေးလည်း ခုန်တက်လာခဲ့သည်။
မြန်မာနိုင်ငံတွင်လည်း မတ်လ ဒုတိယပတ်ကစပြီး လောက်စာဆီ ပြတ်လပ်မှု၊ အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းရမှု၊ စျေးမြင့်တက်မှုများ ကြုံနေရသည်။
ထို့ကြောင့် ခရီးသည် ပို့ဆောင်ရေးအပြင် ကုန်စည်သယ်ယူပို့ဆောင်ရေး စရိတ်များလည်း မြင့်တက်လာသည်။
ယခင်က ကုန်တစ်ပိသာ နှစ်ရာကျပ်မှ သုံးရာကျပ်ကြားသာရှိရာမှ ယခု ခြောက်ရာကျပ်ခန့်ရှိလာ၍ သုံးဆခန့် စျေးမြင့်တက်လာပြီး အခြေခံစားသောက်ကုန်များအပေါ် တွင် ရိုက်ခတ်လာနိုင်ကြောင်း ထားဝယ် ကုန်သည်အသိုင်းဝိုင်းထံမှ စုံစမ်းသိရသည်။







