ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စစ်မှုထမ်းကြေး ကောက်ယူလေ့ရှိသည့် တောတန်းရွာအုပ်ချုပ်ရေးတာဝန်ခံ ပစ်သတ်ခံရ

March 26, 2026

မြိတ်မြို့နယ်၊ မဇောကျေးရွာအုပ်စု၊ တောတန်းရွာက အုပ်ချုပ်ရေးတာဝန်ခံ ဦးအေးသန်း သေနတ်ဖြင့် ပစ်ခံရပြီး သေဆုံးကြောင်း ‌ဒေသခံများက ပြောသည်။

မတ်လ ၂၅ ရက် နံနက် ၇ နာရီတွင် ဦးအေးသန်းသည် ခုံမော်ရွာ ပြည်ထောင်စုလမ်းမကြီးတွင် သွားလာနေစဉ် သေနတ်ဖြင့် ပစ်သတ်ခံရပြီး နေရာတွင်ပင် သေဆုံးကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။

ဦးအေးသန်းသည် စစ်အာဏာရှင်တပ်အတွက် ကျေးရွာအုပ်စုရှိ ခုံမော်၊ တောတန်း၊ သကန်တောင်ပုရွာတို့တွင် လစဉ် စစ်မှုထမ်းကြေး ကောက်ပေးနေသူဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“အုပ်ကြီးလုပ်နေတာက ခေတ်အလိုက်ပဲ။ ကြီးပြား (ငွေကြေး) ကောက်နေတာ တအားဆိုးတယ်” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

ဦးအေးသန်းအား မည်သည့် လက်နက်ကိုင်အဖွဲ့က မည်သည့်အကြောင်းအရင်းကြောင့် လာရောက်ပစ်ခတ်သွားသည်ကို မသိရသေးကြောင်း ဒေသခံများက ဆိုသည်။

ခုံမော်ရွာသည် မဇောကျေးရွာအုပ်စုထဲရှိ ရွာဖြစ်ပြီး တောတန်းရွာနှင့် ခုံမော်ရွာကြားတွင် သကန်တောင်ပုရွာတစ်ရွာရှိသည်။

ဦးအေးသန်းသည် ဦးခေါင်းပိုင်းတွင် ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးကြောင်း ဒေသခံအခြားတစ်ဦးက ပြောဆိုသည်။

“အလောင်းကို ချက်ချင်း မြိတ်သယ်သွားတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့်နှစ် သြဂုတ်လ ၂၄ ရက်တွင် ဦးအေးသန်းကို တော်လှန်ရေးဖွဲ့တစ်ဖွဲ့က နေအိမ်တွင် ဝင်ရောက်ဖမ်းဆီးချိန်တွင်မူ နေအိမ်တွင် မရှိသဖြင့် လွတ်မြောက်သွားကြောင်း ဒေသခံများထံမှ သိရသည်။

ဦးအေးသန်းသည် ခုံမော်ရွာတွင် အသက် ၁၈နှစ်ဝန်းကျင် လူငယ်လေးဦးကို စစ်မှုထမ်း ပါနေသည်ဟုဆိုကာ လူငယ်တစ်ဦးစီ ထံမှ ငွေကျပ် ၁၄ သိန်းကို ပြီးခဲ့သည့်နှစ် သြဂုတ်လ ၁၁ရက်က အဓမ္မတောင်းယူဖူးကြောင်း ဒေသခံများက ပြောဆိုသည်။