ထိုင်းနိုင်ငံ ရနောင်းထိန်းသိမ်းရေးစခန်းရှိ မြန်မာနိုင်ငံသား ၉၀ ခန့်ကို ကော့သောင်းဘက်သို့ ပြန်လည်ပို့ဆောင်လိုက်ကြောင်း ရနောင်း ရေကြောင်းထိန်းသိမ်းရေးဌာနက ထုတ်ပြန်သည်။
ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးနောက် ရနောင်းထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံထားရသော မြန်မာနိုင်ငံသားအမျိုးသား ၆၈ ဦး၊ အမျိုးသမီး ၂၁ ဦး စုစုပေါင်း ၈၉ ဦးကို မတ်လ ၂၅ ရက် နံနက် ၁၁ နာရီတွင် ကော့သောင်းမြို့ ပြန်ပို့ခဲ့ကြောင်း ဖော်ပြသည်။
ယင်းမတိုင်မီ မတ်လ ၉ ရက်ကလည်း မြန်မာနိုင်ငံသား ၁၀၄ ဦးကို စစ်ကော်မရှင်ထံသို့ လွှဲပြောင်းထားသဖြင့် ယခု မတ်လအတွင်း ဒုတိယအကြိမ် ပြန်လည်လွှဲပြောင်းခြင်းဖြစ်သည်။
ယခုနေရပ်ပြန်ပို့မှုသည် ၂၀၂၆ ခုနှစ်အတွင်း ခြောက်ကြိမ်မြောက်ဖြစ်ပြီး စုစုပေါင်း မြန်မာနိုင်ငံသား ၄၈၉ ဦးကို ထိုင်းအစိုးရက စစ်ကော်မရှင်ထံသို့ လွှဲပြောင်းပြီးဖြစ်သည်။
ဇန်နဝါရီလတွင် နှစ်ကြိမ် မြန်မာနိုင်ငံသား ၁၆၈ဦး၊ ဖေဖော်ဝါရီလတွင်နှစ်ကြိမ် မြန်မာနိုင်ငံသား ၁၂၈ ဦး၊ မတ်လတွင် နှစ်ကြိမ် မြန်မာနိုင်ငံသား ၁၉၃ ဦး နေရပ်ပြန်ပို့ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သော ၂၀၂၅ ခုနှစ်အတွင်း ရနောင်းမှ ကော့သောင်းသို့ ပြန်ပို့ခံရမှု ၁၆ ကြိမ်ရှိခဲ့ပြီး ပြန်လွှဲခံရသူ ၂၀၇၂ ဦးရှိသည်။
၂၀၂၄ ခုနှစ်တွင်မူ ရနောင်းထိန်းသိမ်းရေးစခန်းမှ ကော့သောင်းသို့ ပြန်လွှဲပြောင်းပေးမှုအကြိမ်ရေ စုစုပေါင်း ၁၄ ကြိမ်ရှိပြီး မြန်မာနိုင်ငံသား ၂၀၀၅ ဦးကို ပြန်လွှဲခဲ့သည်။
ထိုင်းနိုင်ငံဘက်က စစ်ကော်မရှင်ထံ ပြန်လည်လွှဲပြောင်းလိုက်သူများကို အဓမ္မစစ်မှုထမ်းခိုင်းခြင်းများ ဆက်တိုက်ရှိနေကြောင်း စစ်မှုထမ်းစုဆောင်းခံရရာမှ ထွက်ပြေးလွတ်မြောက်လာသူများနှင့် ကော့သောင်းဒေသခံများထံမှ သရသည်။







