ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မဟာချိုင်တွင် ကားဆင့်တိုက်မှုကြောင့် မြန်မာ ၁ ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

December 25, 2025

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသတွင် ကားဆင့်တိုက်မှုကြောင့် မြန်မာနိုင်ငံသား ၁ ဦး နေရာတွင်ပင် သေဆုံးခဲ့ပြီး နောက်ထပ် ၃ ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း မိသားစုဝင်နှင့် ထိုင်းသတင်းဌာနများထံမှ သိရသည်။

ဒီဇင်ဘာလ ၂၄ ရက် ညနေ ၅ နာရီခွဲခန့်က မဟာချိုင် ကထူးဘင်ဒေသ ဘန်ခွန်ကိုင်ဒီး-ထာ့စောင်လမ်းမပေါ်တွင် အရှိန်ဖြင့် မောင်းလာသော ပစ်ကပ်ကားက အခြားကားတစ်စီးကို ဝင်တိုက်ခဲ့ပြီးနောက် လမ်းကြောင်းပြောင်းကာ ဆန့်ကျင်ဘက်လမ်းက မောင်းလာသော ဆိုင်ကယ်များကို ထပ်မံဝင်တိုက်ခဲ့ခြင်းဖြစ်သည်။

ကားသည် မြန်မာဇနီးမောင်နှံမောင်းလာသော ဆိုင်ကယ်ကို ဝင်တိုက်ခဲ့ပြီးနောက် လမ်းဘေးရှိ ကုန်စုံဆိုင်ထဲကို ထပ်မံဝင်တိုက်ခဲ့သေးကြောင်း သတင်းတွင်ဖော်ပြထားသည်။

ကားကို မြန်မာနိုင်ငံသား ကားသမားက မောင်းလာပြီး ကားတိုက်မှုဖြစ်ပြီး ကားပေါ်မှ ဆင်းလာချိန် အရက်မူးနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်းလည်း သိရသည်။

ကားတိုက်မှုကြောင့် ဆိုင်ကယ်စီးလာသော ဇနီးမောင်နှံနှစ်ဦးအနက် အသက် ၃၂ နှစ်အရွယ် အမျိုးသားက နေရာတွင်ပင် သေဆုံးခဲ့ပြီး‌ အမျိုးသမီးက ဒဏ်ရာပြင်းထန်ရရှိခဲ့သည်။

“ဆိုင်ကယ်က သူ့ဘာသာသူ မောင်းနေတာကို ကားသမားက မူးပြီး မောင်းလာပြီး အသားကုန် ဝင်တိုက်တာ။ နေရာမှာတင် ယောက်ဖက ပွဲချင်းပြီးဆုံးပြီး အစ်မက အရေးပေါ်အခန်းမှာ ရောက်နေပြီ” ဟု မိသားစုဝင်တစ်ဦးက ဆိုသည်။

နောက်ထပ် အနီးရှိသူ ၂ ဦးမှာလည်း ကားတိုက်ခံရမှုကြောင့် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းများအရသိရသည်။

ဆိုင်ကယ်မောင်းလာသော ဇနီးမောင်နှံနှစ်ဦးသည် ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ဇာတိဖြစ်ကြောင်း သိရသည်။

ကားတိုက်ခံရမှုကြောင့် ဆိုင်ကယ်စီးလာသူများ အပါအဝင် ဒဏ်ရာရရှိသူ သုံးဦးကို ကယ်ဆယ်ရေးအဖွဲ့များက ရှေးဦးကုသပေးပြီးနောက် ကထူးဘင်ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။

ကားတိုက်မှုကြောင့် ဈေးဆိုင်တစ်ဆိုင်နှင့် မော်တော်ဆိုင်ကယ်များအပါအဝင် ယာဉ်ငါးစီး ထိခိုက်ပျက်စီးခဲ့ရကြောင်း ဖော်ပြထားသည်။

အရှိန်ဖြင့် မောင်းလာသော မြန်မာနိုင်ငံသား ကားသမားသည် အရက်မူးနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ပြီး ရဲတပ်ဖွဲ့က ကထူးဘင်ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကာ ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

Ref: CH 7, Khaosod