BREAKING
October 25, 2025

ကန်ချနဘူရီတွင် ကားမှောက်၍ တရားမဝင် ဝင်လာသော မြန်မာ ၃ ဦးသေဆုံး၊ အများအပြားဒဏ်ရာရ

October 25, 2025

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် ယနေ့ နံနက်က ကားမှောက်မှုဖြစ်ခဲ့ပြီး တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၃ ဦး သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ယနေ့ အောက်တိုဘာ ၂၅ ရက် နံနက် ၉ နာရီခွဲတွင် ကန်ချနဘူရီခရိုင် စိုင်ယွတ်ဒေသ စန်ခရာဘူရီ-ကန်ချနဘူရီ အဝေးပြေးလမ်းမပေါ်တွင် မြန်မာနိုင်ငံသားများ လိုက်ပါလာသော ပစ်ကပ်ကားက လမ်းဘေးထိုးဆင်းသွားခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိချိန် ကားမှောက်မှုကြောင့် မြန်မာနိုင်ငံသား ၃ ဦး သေဆုံးနေပြီး ၃၅ ဦး ဒဏ်ရာရရှိနေသည်ကို တွေ့ရကြောင်း သတင်းအချို့တွင် ဖော်ပြထားသလို သတင်းအချို့ကမူ ၃ ဦးသေဆုံးပြီး ဒဏ်ရာရသူ ၁၀ ဦးဟုသာဖော်ပြထားသဖြင့် တိတိကျကျမသိရပေ။

ကားပေါ်လိုက်ပါလာသူအားလုံးသည် မြန်မာနိုင်ငံသားများဖြစ်ကြပြီး ဒဏ်ရာရရှိသူများကို နီးစပ်ရာဆေးရုံသို့ အရေးပေါ်ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြသည်။

ပစ်ကပ်ကားသည် လမ်းတစ်လျှောက် အရှိန်မြင့် မောင်းနှင်လာပြီး ကားနောက်ဘက် ဘယ်ဘက်တာယာဘီး ပြုတ်ထွက်သွားသဖြင့် အရှိန်မထိန်းနိုင်တော့ဘဲ လမ်းဘေးထိုးကျ၍ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း CCTV မှတ်တမ်းများအရ သိရသည်။

ကားတိမ်းမှောက်မှုကြောင့် ကားပေါ်ပါ မြန်မာနိုင်ငံသားများ လွင့်စင်ထွက်ကျကုန်ပြီး ဒဏ်ရာရရှိထားသူများနေကြောင်း ဒေသခံများက ရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့သည်။

ကားတိမ်းမှောက်ပြီးနောက် ကားသမားနှင့် မြန်မာနိုင်ငံသားအချို့ တောထဲ ထွက်ပြေးတိမ်းရှောင်ခဲ့သဖြင့် ရဲတပ်ဖွဲ့များက နောက်က လိုက်လံဖမ်းဆီးရာ မြန်မာနိုင်ငံသား ၇ ဦးကို ပြန်လည်ဖမ်းမိခဲ့ကြောင်း ဖော်ပြထားသည်။

ကားသည် ထိုးဖားဖုန်းဒေသမှတစ်ဆင့် မြန်မာနိုင်ငံသားများကို တရားမဝင် ခေါ်လာခြင်းဖြစ်ပြီး ကားတိမ်းမှောက်မှုအတွက် ထပ်မံစုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

Ref: Daily News, Naewna, Kanchanaburi New